၁၉ ဖေဖော်ဝါရီ ၂၀၂၆
မြန်မာနိုင်ငံအနေနဲ့ ASEAN နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအပေါ် ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေကို ပြသနိုင်မှသာ ပြန်လည်ပေါင်းစည်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် လမ်းခင်းပေးနိုင်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆတ် က ဖေဖော်ဝါရီ ၁၈ ရက်မှာပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံ ဖူးခက်မြို့မှာ စစ်ကော်မရှင်ရဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ နဲ့ အလွတ်သဘောတွေ့ဆုံပြီးနောက် မီဒီယာတွေကို တွေ့ဆုံစဉ် စီဟာဆတ်က အခုလို အလေးပေး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ သူက ထိုင်းနိုင်ငံအနေနဲ့ တွေ့ဆုံဆွေးနွေးရေးကို ထောက်ခံကူညီဖို့ အသင့်ရှိပေမယ့် ဘာတွေကို ဆွေးနွေးသင့်တယ်ဆိုတာကိုတော့ ဖိအားပေးသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးအဆိုအရ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲတွေဟာ နောက်ဆုံးမှာ မြန်မာနိုင်ငံအတွင်းကနေသာ စတင်ရမှာဖြစ်ပြီး ပြည်တွင်းပြန်လည်သင့်မြတ်ရေးကနေသာ အစပြုနိုင်မယ်လို့ ပြောပါတယ်။
အဲဒီအတွက် မြန်မာဘက်က တွေ့ဆုံဆွေးနွေးမှု စတင်ခြင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ ဝင်ရောက်ခွင့်ပေးခြင်း၊ အကြမ်းဖက်မှု လျှော့ချခြင်းနဲ့ အရပ်သားတွေကို ထိခိုက်စေတဲ့ လုပ်ရပ်တွေကို ကန့်သတ်ခြင်း စတဲ့ အပြုသဘောဆောင် အချက်ပြမှုတွေကို ပြသရမယ်လို့ အလေးပေးခဲ့ပါတယ်။
ထိုင်းနိုင်ငံက မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို မြင်တွေ့လိုပြီး အဲဒါဟာ ထိုင်းရဲ့ အမျိုးသားလုံခြုံရေးအပြင် နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက်ပါ အရေးပါတာကြောင့် ဖြစ်တယ်လို့လည်း စီဟာဆတ်က ပြောကြားခဲ့ပါတယ်။
ဘန်ကောက်ရဲ့ မူဝါဒဟာ အာဆီယံရဲ့ အချက်ငါးချက်ပါ သဘောတူညီချက်နဲ့အညီ အာဆီယံ–မြန်မာ တိုက်ရိုက်ထိတွေ့ဆက်ဆံမှုကို ပြန်လည်အသက်သွင်းရေးဖြစ်ပြီး ထိုင်းနိုင်ငံအနေနဲ့ မြန်မာကို အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကြား တံတားတစ်စင်းအဖြစ် ကူညီဆောင်ရွက်ဖို့ အသင့်ရှိနေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
ပုံစာ – ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဖူးခက်တွင် ကျင်းပသော အလွတ်သဘောဆွေးနွေးပွဲများအတွင်း စစ်ကော်မရှင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ နဲ့ ထိုင်းနိုင်ငံခြား ရေးဝန်ကြီး စီဟာဆတ်


