Homeပြည်တွင်းသတင်းမြန်မာရေပိုင်နက်အတွင်း ဝင်ရောက်ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀ ဦးကို AA ကပြန်လွှတ်ပေး

မြန်မာရေပိုင်နက်အတွင်း ဝင်ရောက်ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀ ဦးကို AA ကပြန်လွှတ်ပေး

၂၁ နိုဝင်ဘာ၊၂၀၂၄

မြန်မာရေပိုင်နက်အတွင်း ဝင်ရောက် ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ငါးဖမ်းလှေတွေကို အာရက္ခတပ်တော်(AA) ကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲက ဖမ်းဆီးရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂၀)ဦးကို ဖမ်းဆီးရမိကြောင်း AA က နိုဝင်ဘာလ(၂၀)ရက်နေ့က ထုတ်ပြန်ပါတယ်။

မြန်မာရေပိုင်နက်အတွင်း ဝင်ရောက်ငါးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ငါးဖမ်းစက်လှေအစီး (၆၀)ဝန်းကျင်ကို အာရက္ခတပ်တော်(AA) ကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲဝင်တွေက တွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးရာ ငါးဖမ်းလှေ (၁၅)စီး (စက်တပ်ယာဥ် ၂ စီး၊ စက်မပါဘဲ ၁၃ စီး)နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂၀) ဦးတို့ကို ဖမ်းဆီးရ မိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂၀) ဦးကို (၂) ရက်ကြာ ထိမ်းသိမ်းထားပြီးနောက် လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပြီး နိုဝင်ဘာလ (၇)ရက်နေ့မှာဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ် (BGP)လက်ထံ အပ်နှံခဲ့တယ်လို့ သိရပါတယ်။

စစ်ဆေးမေးမြန်းချက်တွေအရ ၎င်းဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သားငါးခိုးဖမ်းနေသူတွေမှာ ဆင်းရဲနွမ်းပါးသူတွေဖြစ်ပြီး မိသားစုစားဝတ်နေရေးအကျပ်အတည်းကို ငါးဖမ်းခြင်းနဲ့ အသက်မွေးဝမ်းကျောင်းပြု ဖြေရှင်းနေကြသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။

နောက်နောင် မြန်မာရေပိုင်နက်အတွင်းကို ကျူးကျော်ဝင်ရောက်ပြီး ငါးဖမ်းခြင်းမပြုလုပ်ဖို့ ခံဝန်ကတိလက်မှတ် ထိုးပြီးမှ လွှပြောင်းပေးအပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ AA တိုကြားရှိ နှစ်ဖက်နယ်စပ်ရေးရာကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှု ယခင်ထက် ပိုမိုအားကောင်းလာစေရန်ရည်ရွယ်ပြီး မည်သည့်ပြစ်ဒဏ်မျှပေးခြင်းမရှိဘဲ ငါးခိုးဖမ်းသမားတွေကို ချက်ချင်းပြန် လွှတ် ပေးခဲ့သော်လည်း ငါးခိုးဖမ်းလှေတွေကိုမူ နိုဝင်ဘာလ(၂၀)ရက်နေ့မှ ပြန်လည်ပေးအပ်နိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ(၂၀)ရက်နေ့က (၇)စီးကို ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် (BGP)ကို ပြန်လည်လွှပြောင်းပေးနိုင်ခဲ့ပြီး ကျန်ငါးဖမ်းလှေ (၈)စီးကိုလည်း လုံခြုံ ရေးအာမခံချက်ရှိတဲ့အချိန်မှာ ဆက်လက်လွှပြောင်းပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Photo – AA Info Desk

ဆက်စပ် သတင်းများ

Most read