၂၇ ဇန်နဝါရီ ၂၀၂၆
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်နဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့မှာ ကျင်းပနေတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ဒုတိယအကျော့ ကြားနာပွဲအတွင်း ဂမ်ဘီယာနိုင်ငံဘက်က ရှေ့နေ Mr. Paul Reichler က မြန်မာဘက်က တင်ပြထားတဲ့ အထောက်အထားတွေဟာ ယုံကြည်ရလောက်တဲ့ ခိုင်လုံမှု မရှိဘူးလို့ အလေးအနက် ထောက်ပြလိုက်ပါတယ်။
Paul Reichler ရဲ့ လျှောက်လဲချက်အရ မြန်မာဘက်က တရားရုံးကို တင်ပြထားတဲ့ အချက်အလက်တွေဟာ စစ်တပ်ကိုယ်တိုင် ထုတ်ပြန်ထားတဲ့ အစီရင်ခံစာတွေ၊ စစ်တပ်အရာရှိတွေရဲ့ ထွက်ဆိုချက်တွေ၊ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ မီဒီယာတွေရဲ့ ရေးသားချက်တွေကိုသာ အခြေခံထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီလို အရင်းအမြစ်တွေဟာ အားလုံး စစ်တပ်ရဲ့ တိုက်ရိုက်ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့အတွက် လွတ်လပ်ပြီး မျှတတဲ့ အထောက်အထားအဖြစ် သတ်မှတ်လို့ မရနိုင်ဘူးလို့လည်း သူက ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက သီးခြားစီ ပြုလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်တွေဟာ တခုနဲ့တခု ကိုက်ညီနေပြီး စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှုအဆင့်အထိ ရောက်နေတယ်ဆိုတာကို ပြနေတယ်လို့လည်း ဂမ်ဘီယာဘက်က ထောက်ပြပါတယ်။
US State Department၊ Amnesty International၊ International Crisis Group နဲ့ Save the Children စတဲ့ အဖွဲ့အစည်းတွေ အားလုံးရဲ့ ကောက်ချက်တွေမှာ အရပ်သားတွေကို စနစ်တကျ ပစ်မှတ်ထားခဲ့တာ၊ ရိုဟင်ဂျာလူမျိုးစုကို နေရပ်ကနေ မောင်းထုတ်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာတွေကို တူညီစွာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။
ဂမ်ဘီယာဘက်ကတော့ ဒီလို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေကို မြန်မာဘက်က လုံးဝ မထည့်သွင်းဘဲ စစ်တပ်ကိုယ်တိုင် ပြောကြားချက်တွေအပေါ်မှာသာ အခြေခံပြီး ခုခံချေပနေတာဟာ တရားရုံးအနေနဲ့ အထူးသတိထား စဉ်းစားရမယ့် အချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။


