Homeပြည်တွင်းသတင်းမြန်မာပြည်မှာ ရေကြီးမှုကြောင့် လူပေါင်း ၂ သိန်းကျော် ထိခိုက်ခဲ့ရပြီး ၈ သိန်းကျာ် ရေကြီးရေလျှံနေ တဲ့ဒေသတွေမှာ နေထိုင်နေရတယ်လို့ WFP...

မြန်မာပြည်မှာ ရေကြီးမှုကြောင့် လူပေါင်း ၂ သိန်းကျော် ထိခိုက်ခဲ့ရပြီး ၈ သိန်းကျာ် ရေကြီးရေလျှံနေ တဲ့ဒေသတွေမှာ နေထိုင်နေရတယ်လို့ WFP ထုတ်ပြန်

၈ ဩဂုတ်၊၂၀၂၄

ဇွန်လနှောင်းပိုင်းမှစတင်ခဲ့တဲ့ မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြင်းထန်တဲ့ ရေကြီး ရေလျှံမှုတွေကြောင့် မြန်မာနိုင်ငံမှာ လူဦးရေပေါင်း ၂၀၀,၀၀၀ ကျော် ထိခိုက်ခဲ့ကြရပြီး အများအပြားမှာ ယာ ယီနေရပ်စွန့်ခွာတိမ်းရှောင်နေကြရတယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ရဲ့ထုတ်ပြန်မှု အရသိ ရပါတယ်။

WFP ရဲ့ Advanced Disaster Analysis & Mapping ဂြိုလ်တုပုံရိပ်ရဲ့ သြဂုတ်လ ၆ ရက်နေ့ ခန့်မှန်းချက်အရ ရေကြီးရေလျှံမှု ကြုံတွေ့နေရသောဒေသတွေမှာ လူဦးရေပေါင်း ၈၅၅,၀၀၀ ခန့် နေထိုင်နေကြရတဲ့လို့ ဆိုပါ တယ်။

“မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာမလုံလောက်မှု အရေးပေါ်အခြေအနေရောက်နေတဲ့အချိန်မှာမှ ရေဘေးကဖြစ် လာရပြန်ပါတယ်၊” လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Paolo Mattei က ပြောပါတယ်။

နိုင်ငံတစ်ဝန်းမှာ လူဦးရေပေါင်း ၁၃ သန်းကျော်ဟာ စားနပ်ရိက္ခာအခက်အခဲတွေနဲ့ ရုန်းကန်နေရတဲ့အချိန်မှာ အခုလို ရေဘေးဖြစ်တာကြောင့် သူတို့အနေနဲ့ ပိုပြီး ထိခိုက်လွယ်တဲ့အခြေအနေကို ရောက်ကြရတယ်လို့လည်း သူဆိုပါတယ်။

လက်ရှိ WFP ဝန်ထမ်းအဖွဲ့အနေနဲ့ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသ ကြီးနဲ့ မကွေးတိုင်းဒေသကြီးတွေက ရေဘေးသင့်ပြည်သူ အနည်းဆုံး ၁၂၀,၀၀၀ အတွက် ငွေသား၊ ဆန်၊အာဟာရ မှုန့်တွေနဲ့ အာဟာရဖြည့်ဘီစကွတ်တွေ ထောက်ပန့်ပေးနေတယ်လို့ သိရပါတယ်။

ဆက်လက်ပြီး မြန်မာနိုင်ငံရဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ငါးခုမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုတွေ ကြောင့် ရေဘေးသင့်ကြသူ လူဦးရေ တစ်သိန်းကျော်အတွက်လည်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အနေနဲ့ ကူညီဖို့ အရေးပေါ် ရေဘေး တုံ့ပြန်မှုလုပ်ငန်းတစ်ရပ်စတသင်နေပြီဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

လက်ရှိ နိုင်ငံအနှံ့အပြားမှာ ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပေါ်လျက်ရှိရာ WFP အနေနဲ့ အခြေအနေကို ဆက်လက်စောင့်ကြည့်နေပြီး လိုအပ်ပါက ရေဘေးတုံ့ပြန်မှုလုပ်ငန်းကို ထပ်မံတိုးချဲ့ ဆောင်ရွက်သွားဖို့ အဆင်သင့်ပြင်ထားတယ်လို့လည်း သိရပါတယ်။

Photo-UN Myanmar

ဆက်စပ် သတင်းများ

Most read