Homeပြည်တွင်းသတင်းမြန်မာပြည်တဝှမ်းက တော်လှန်ရေးအင်အားစုတွေနဲ့လက်တွဲပြီး စစ်ကောင်စီကို အပြီးတိုင်ချေမှုန်းသွားမယ်လို့ TNLA ပြောဆို

မြန်မာပြည်တဝှမ်းက တော်လှန်ရေးအင်အားစုတွေနဲ့လက်တွဲပြီး စစ်ကောင်စီကို အပြီးတိုင်ချေမှုန်းသွားမယ်လို့ TNLA ပြောဆို

၁၂ ဇန်နဝါရီ၊ ၂၀၂၅

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က တအာင်းအမျိုးသားတော်လှန်ရေး ၆၂ နှစ်ပြည့်ဖြစ်တဲ့ ဇန်နဝါရီလ ၁၂ ရက်မှာ မြန်မာပြည်တဝှမ်းက တော်လှန်ရေးအင်အားစုတွေနဲ့လက်တွဲပြီး စစ်ကောင်စီကို အပြီးတိုင်ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ပါတယ်။

TNLA ဟာ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့အမြဲအဆင်သင့်ရှိကြောင်း နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်ခဲ့ပေမယ့် စစ်ကောင်စီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးကုတ်မြို့ အရှေ့ပိုင်းရပ်ကို လေကြောင်းက ပြန်လည် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အကြီးအကျယ်စစ်ရှုံးနေတဲ့စစ်ကောင်စီဟာ ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အုံ၊ ဈေး၊ လူနေအိမ် စတဲ့ အရပ်သားပြည်သူတွေနေထိုင်ရာကို ဦးတည်ပြီး လေယာဉ်ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာ၊ မီးရှို့ဖျက်ဆီးတာ၊ သတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်လို့လည်း TNLA က ဆိုပါတယ်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးဟာ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC ဦးဆောင် ရေးဆွဲထားတဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း တော်လှန်ရေးအင်အားစု၊ နိုင်ငံရေးပါတီနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို အခြေခံပြီး တော်လှန်ရေးကာလအစိုးရအစီအမံကို အတည်ပြုပြီး ပြည်သူ့အစိုးရ ပေါ်ထွက်လာအောင် ကြိုးစားနေတယ်လို့လည်း ပြောဆိုပါတယ်။

တအာင်းဒေသခံပြည်သူတွေရဲ့ တော်လှန်ရေးအောင်သီးအောင်ပွင့်ကို ရေရှည်ထိန်းသိမ်းထားနိုင်ဖို့ မြန်မာပြည်တဝှမ်းလုံးရှိ တော်လှန်ရေးအင်အားစုတွေနဲ့ ဟန်ချက်ညီ လက်တွဲပူးပေါင်းပြီးစစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမယ်လို့ PSLF/ TNLA က သဘောထားထုတ်ပြန်သွားပါတယ်။

ဓာတ်ပုံ – PSLF/TNLA

ဆက်စပ် သတင်းများ

Most read