Homeပြည်တွင်းသတင်းမြန်မာနိုင်ငံ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားနိုင်ကြောင်း ICG ထောက်ပြ

မြန်မာနိုင်ငံ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားနိုင်ကြောင်း ICG ထောက်ပြ

၃၀ မေ၊၂၀၂၄

မြန်မာစစ်တပ်ဟာ နိုင်ငံတစ်ဝန်း နယ်စွန်နယ်ဖျား နယ်မြေအများအပြားကို တော်လှန်ရေးအင်အားစုတွေထံ အလျင်အမြန်ဆုံးရှုံးနေတာကြောင့် နိုင်ငံရဲ့နယ်မြေ အစိတ်အပိုင်းတွေ ဗဟိုချုပ်ကိုင်မှုက အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်သွားဖို့ သေချာသလောက်ရှိနေကြောင်း နိုင်ငံတကာပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) က မေလ ၃၀ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

အင်အားချည့်နဲ့လာတဲ့ စစ်ကောင်စီကတော့ အာဏာကို ဆက်လက်ဖက်တွယ်နေပြီး ဆုံးရှုံးနယ်မြေတွေမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ပြီး လက်စားချေနေတယ်လို့ ဆိုပါတယ်။

လက်ရှိအခြေအနေကြောင့် မြန်မာစစ်တပ်အတွင်းမှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အချင်းချင်းပြစ်တင်ဝေဖန်မှုတွေရှိနေပေမဲ့ မြန်မာစစ်တပ်ကတော့ မကြာခင်ပြိုလဲတော့မယ့် အနေအထား မျိုးမရှိဘူးလို့လည်း ဖော်ပြပါတယ်။

အာဏာသိမ်းမှုအလွန် ထွက်ပေါ်လာတဲ့ တော်လှန်ရေးအဖွဲ့တွေဟာလည်း စစ်တပ်ကို အပြုတ်တိုက်မယ်လို့ ကြုံးဝါးထားပေမဲ့ လက်နက်၊ ခဲယမ်းမီးကျောက် အလုံအလောက်မရှိဘူးလို့ ဆိုပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ သူတို့ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ အင်အားအခိုင်အမာ တည်ဆောက်ပြီး အုပ်ချုပ်ရေးယန္တရားနဲ့ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုစနစ်ကိုတိုးချဲ့နေကြတယ်လို့ ဖော်ပြပါတယ်။

ဒါကြောင့် အနောက်နိုင်ငံတွေနဲ့ နိုင်ငံတကာအလှူရှင်တွေအနေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရာမှာ ဗဟိုအာဏာပိုင်အစိုးရတစ်ရပ်နဲ့ ပုံသေဆက်ဆံတာထက်ကျော်လွန်ပြီး မူဝါဒပိုင်းချိန်ညှိဖို့လိုအပ်ကြောင်း ICG ရဲ့ ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။

ဗြိတိန်နိုင်ငံအခြေစိုက်တဲ့ ICG အဖွဲ့ဟာ မြန်မာနိုင်ငံတင်မကပဲ နိုင်ငံတကာမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အဓိက လေ့လာဆန်းစစ်ထုတ်ပြန်ပေးတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read