Homeပြည်တွင်းသတင်းမြန်မာနိုင်ငံသားတွေရဲ့ နှစ်လသက်တမ်း ထိုင်းအလည်အပတ်ဗီဇာလျှောက်ထားမှု တင်းကြပ်လာ

မြန်မာနိုင်ငံသားတွေရဲ့ နှစ်လသက်တမ်း ထိုင်းအလည်အပတ်ဗီဇာလျှောက်ထားမှု တင်းကြပ်လာ

၁၀ နိုဝင်ဘာ၊ ၂၀၂၄

ထိုင်းနိုင်ငံအတွင်းမှာ နှစ်လကြာနေထိုင်နိုင်တဲ့ ထိုင်းအလည်အပတ်ဗီဇာ(Tourist Visa)ကို မြန်မာနိုင်ငံသားတွေ လျှောက်ထားမှုတွေ ပယ်ချခံရပြီး အရင်ကထက် ပိုပြီးတင်းကြပ်လာကြတယ်လို့ ဗီဇာလျှောက်ထားသူတွေက ဆိုပါတယ်။

၂၀၂၄ ၊ ဖေဖော်ဝါရီလ စစ်မှုထမ်းဥပဒေထွက်ပေါ်ပြီးနောက်မှာ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံကို နှစ်လကြာသက်တမ်းရှိတဲ့ အလည်အပတ်ဗီဇာနဲ့သွားရောက်ပြီး သက်တမ်းကုန်ပါက နိုင်ငံအပြင်ထွက်ပြီး သက်တမ်းတိုးတာ ဒါမှမဟုတ် ကျောင်း၊သင်တန်းတက်ပြီး ဗီဇာအမျိုးအစားပြောင်းလဲနေထိုင်တာတွေ ပြုလုပ်ပြီး ဆက်နေနေကြတာကြောင့် ထိုင်းနိုင်ငံကို အလည်အပတ်ဗီဇာနဲ့လျှောက်ထားတဲ့ မြန်မာနိုင်ငံသားတွေကို စိစစ်ပြီး ပယ်ချနေတယ်လို့ သိရပါတယ်။

မကြာသေးခင်ကလည်း ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့က ထိုင်းကောင်စစ်ဝန်သံရုံးကတဆင့် ထိုင်းမှာ ၂ လကြာနေထိုင်ဖို့ ထိုင်းအလည်အပတ်ဗီဇာ(Tourist Visa) လျှောက်ထားတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ရဲ့ လျှောက်ထားမှုကို ပယ်ချလိုက်တယ်လို့ သိရပါတယ်။

“အဘက်ဘက်က လှည့်ပတ်ပြီး ကြပ်နေတဲ့ သဘောပေါ့။ TR visa တွေတင်မဟုတ်ဘူး ကျောင်းသားတွေကိုလည်း နောက်ပိုင်း လာအိုကနေ visa လျောက်ရင် မပေးတော့တာတွေတောင်လုပ်နေတာ။ Language School ဆိုရင် ဗီဇာမပေးတာတွေလည်း လုပ်နေတာပဲ။ အာဆီယံနိုင်ငံတွေအနေနဲ့ စစ်ကောင်စီရဲ့ တောင်းဆိုမှုတွေကို လိုက်မသင့်ပါဘူး”လို့ ထိုင်းနိုင်ငံမှာ ကျောင်းတက်နေတဲ့ မြန်မာကျောင်းသား တစ်ဦးက New Day Myanmar ကိုပြောပါတယ်။

ဗီဇာအကျိုးဆောင်လုပ်ပေးသူတစ်ဦးက ဗီယက်နမ်ကောင်စစ်ဝန်ရုံးက လူတစ်ရာကျော်ပယ်ချလိုက်သလို ကျန်တဲ့သံရုံးတွေမှာရော ဗီဇာလျှောက်တဲ့ကိစ္စကို ပိုပြီး တင်းကြပ်လာနိုင်တယ်လို့ ဆိုပါတယ်။

“ထိုင်းဝန်ကြီးချုပ်နဲ့ စစ်ခေါင်းဆောင်တို့ တရုတ်မှာတွေ့ပြီးတဲ့နောက်မှာ စစ်တပ်ဘက်က ဒေတာတွေ တောင်းခံတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ အစောပိုင်းထဲကလည်း မိတဲ့လူတွေကို မြန်မာပြည်ပြန်ပို့ရင် စစ်တပ်လက်ထဲအပ်နေတဲ့အတွက် ဗီဇာပယ်ချတာဟာ စစ်တပ်နဲ့ဆက်စပ်နေတယ်လို့ ယူဆပါတယ်။ ကျန်တဲ့သံရုံးတွေမှာလည်း တင်းကြပ်လာမလားဆိုတာ စောင့်ကြည့်ရပါမယ်” လို့ ဗီဇာအကျိုးဆောင်လုပ်နေသူတစ်ဦးက New Day Myanmar ကို ပြောပြပါတယ်။

စစ်ခေါင်းဆောင်ဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့က မဟာမဲခေါင်ဒေသခွဲထိပ်သီး အစည်းအဝေးတက်ရောက်စဉ်က ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ်ထရာနဲ့ သီးသန့်ဆွေးနွေးခဲ့သလို အောက်တိုဘာလအတွင်းကလည်း ထိုင်းရဲအရာရှိတွေ နေပြည်တော်သွားရောက်ပြီး မြန်မာစစ်ကောင်စီလက်အောက်ခံ ရဲအရာရှိတွေနဲ့ နှစ်နိုင်ငံကြားဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။

Photo – CJ

ဆက်စပ် သတင်းများ

Most read