Homeပြည်တွင်းသတင်းမြန်မာနိုင်ငံရဲ့ ငတ်မွတ်ခေါင်းပါးမှုက စိုးရိမ်ဖွယ်ရာအဆင့်ကို ရောက်ရှိနေကြောင်း WFP ထုတ်ပြန်

မြန်မာနိုင်ငံရဲ့ ငတ်မွတ်ခေါင်းပါးမှုက စိုးရိမ်ဖွယ်ရာအဆင့်ကို ရောက်ရှိနေကြောင်း WFP ထုတ်ပြန်

၃၀ ဇန်နဝါရီ၊ ၂၀၂၅

မြန်မာနိုင်ငံရဲ့ ငတ်မွတ်ခေါင်းပါးမှုက စိုးရိမ်ဖွယ်ရာအဆင့်ကို ရောက်ရှိနေကြောင်းနဲ့ ၂၀၂၅ ခုနှစ်အတွင်း အခြေအနေ ပိုပြီးဆိုးရွားလာနိုင်တယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဇန်နဝါရီ ၂၉ ရက်က သတိပေးထုတ်ပြန်ထားပါတယ်။

မနှစ်က ၁၃.၃ သန်းထက် ၂၀၂၅ ခုနှစ်မှာ ငတ်မွတ်ခေါင်းပါးမှု ကြုံရနိုင်ခြေရှိတဲ့ လူပေါင်း ၁၅ သန်းလောက် ရှိလာမယ်လို့ WFP က ထုတ်ဖော်ပြောဆိုပါတယ်။

အထူးသဖြင့် ချင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းဒေသကြီးတို့က ပဋိပက္ခ ဖြစ်ပွားနေတဲ့ ဒေသတွေအတွင်း နေထိုင်ရသူတွေဟာ စားနပ်ရိက္ခာမလုံလောက်မှုကို အမြင့်ဆုံးကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု လိုအပ်ချက်နှင့် တုံ့ပြန်ရေး အစီအစဉ်အရ အခုနှစ်မှာ လူဦးရေ သန်း ၂၀ နီးပါး ၊ ပျမ်းမျှလူဦးရေ ၃ ဦးမှာ ၁ ဦးဟာ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေမှာဖြစ်ပါတယ်။

“နိုင်ငံတစ်ဝှမ်း ပဋိပက္ခကြီးထွားလာခြင်း၊ ဝင်ရောက်ခွင့် ကန့်သတ်ချက်များ၊ ပြိုပျက်နေသော စီးပွားရေး နဲ့ ရာသီဥတုဆိုင်ရာ အကျပ်အတည်းတွေက စံချိန်တင်ငတ်မွတ်မှုအဆင့်ကို မောင်းနှင်နေတယ်”လို့ WFP မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Michael Dunford က ပြောကြားပါတယ်။

ဒါ့အပြင် လက်နက်ကိုင်ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေကြောင့် မြန်မာနိုင်ငံက လူ ၃.၅ သန်းကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ဒီအရေအတွက်ဟာ ၂၀၂၅ ခုနှစ်မှာ ၄.၅ သန်းအထိ တိုးလာမယ်လို့ WFP ကခန့်မှန်းထားပါတယ်။

စားနပ်ရိက္ခာသည် အိုးမဲ့အိမ်မဲ့တွေအတွက် အကြီးမားဆုံးလိုအပ်ချက်ဖြစ်ပြီး ကုန်ကျစရိတ်များပြားခြင်းနဲ့ လျင်မြန်တဲ့ ငွေကြေးဖောင်းပွမှုကြောင့် လူများစွာအတွက် မတတ်နိုင်ပေ။ ဆန်၊ ပဲ၊ ဆီနဲ့ ဆား အပါအဝင် အခြေခံစားသောက်ကုန်စရိတ်ဟာ ပြီးခဲ့သောနှစ်တွေထက် ၃၀ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့လည်း ထည့်သွင်းပြောဆိုပါတယ်။

WFP အနေနဲ့ ယခုနှစ်မှာ မြန်မာနိုင်ငံက လူဦးရေ အနည်းဆုံး ၁ ဒသမ ၆ သန်းထံ စားနပ်ရိက္ခာအထောက်အပံ့၊ အာဟာရပြည့်ဝရေးနှင့် ကြံ့ခိုင်နိုင်ဖို့ စွမ်းရည်အကူအညီတွေ ပေးအပ်သွားနိုင်ဖို့ ရည်မှန်းထားပါတယ်။

ဓာတ်ပုံ – WFP

ဆက်စပ် သတင်းများ

Most read