၆ စက်တင်ဘာ ၂၀၂၅
မြန်မာနိုင်ငံ ရဲ့ လူဦးရေ ၁၆.၇ သန်းလောက်ဟာ အစားအသောက်ကို ၀၀လင်လင် မစားနိုင်တော့ဘဲ ဒါဟာ မြန်မာ့လူဦးရေရဲ့ ၃ ပုံ ၁ ပုံဟာ ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဥ် WFP က စက်တင်ဘာ ၅ ရက်က ထုတ်ပြန်တဲ့ မြန်မာက ဆာလောင် မွတ်သိပ်မှုကို ကိုရီးယားနိုင်ငံနဲ့ ပူးတွဲလုပ်ဆောင်မယ့် REACH အစီအစဥ်အကြောင်းသတင်းထုတ်ပြန်ချက်မှာ ခုလိုဖော်ပြထားပါ။
၂၀၂၄ ခုနှစ်မှာ အစားအသောင် မဖူလုံမှုဟာ လူဦးရေ ၁၃.၃ သန်းရှိခဲ့ပေမယ့် ၂၀၂၅ ခုနှစ်မှာတော့ လူဦးရေ ၃ သန်းလောက်ပိုပြီး အငတ်ဘေးဆိုက်လာတာပါ။
မြန်မာမှာ လူဦးရေ ၁၆ ဒသမ ၇ သန်းဟာ ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရပြီး ၂၀၂၄ ခုနှစ်ကထက် သိသိသာသာတိုးမြင့်လာတယ်လို့ WFP ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
တိုးလာတဲ့ အရေအတွက်ထဲကမှ လူ ၂ ဒသမ ၈ သန်းဟာ ထမင်းတနပ်အတွက် ရုန်းကန်ရတဲ့ အရေးပေါ်အခြေအနေရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်း ၄ ဆအထိတိုးမြင့်လာတာကြောင့် သန်းနဲ့ချီတဲ့လူတွေဟာ အခြေခံစားသောက်ကုန်တွေကို မဝယ်စားနိုင်တဲ့အခြေအနေဖြစ်နေတယ်လို့ WFP ကဆိုပါတယ်။


