၃ ဇန်နဝါရီ၊ ၂၀၂၄
မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေဟာ မကြုံဖူးတဲ့ အဆင့်ထိ မြင့်မားလာနေပြီး ၂၀၂၅ ခုနှစ်မှာ လူဦးရေ ၁၉ ဒသမ ၉ သန်းခန့်ဟာ လိုအပ်ချက်ရှိမယ်လို့ ခန့်မှန်းထားကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ဇန်နဝါရီ ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
၂၀၂၄ ခုနှစ်ဟာလည်း မြန်မာနိုင်ငံရှိ ပြည်သူလူထုအတွက် မဆုံးနိုင်သောပဋိပက္ခများ၊ ထပ်တလဲလဲ ဖြစ်ပွားခဲ့တဲ့ မုတ်သုံရာသီရေဘေး၊ စံချိန်တင်များပြားတဲ့ နေရပ်စွန့်ခွာ ရွှေ့ပြောင်းရမှုနဲ့ ရန်ပုံငွေနည်းပါးခဲ့တဲ့ တုံ့ပြန်ကူညီရေးအစီအစဉ်တို့ကြောင့် နက်ရှိုင်းလှသော လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းများဖြင့် ရုန်းကန်ခဲ့ရတဲ့ နှစ်တစ်နှစ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတို့မှာတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့အမျိုးမျိုးတို့နဲ့ စစ်ကောင်စီတပ်အကြား ပဋိပက္ခများ ဆက်လက် ဖြစ်ပွားခဲ့ပြီး အကျိုးဆက်အဖြစ် ၂၀၂၄ ခုနှစ်အကုန်မှာ ပြည်တွင်း နေရပ်စွန့်ခွာသူ ဦးရေ ၃ ဒသမ ၅ သန်းကျော်လွန်ခဲ့တယ်လို့ သိရပါတယ်။
အရပ်သားတွေဟာ ကာကွယ်စောင့်ရှောက်မှုလိုအပ်တဲ့ အန္တရာယ်တွေ၊ စားနပ်ရိက္ခာ မလုံလောက်မှု၊ မရှိမဖြစ်ပြည်သူ့ဝန်ဆောင်မှုစနစ်တွ ပြိုလဲလုနီးပါးဖြစ်နေတဲ့ အခြေအနေ၊ စီးပွားရေးမတည်ငြိမ်မှုကြောင့် ငွေကြေးဖောင်းပွမှုနဲ့ အဲ့ဒီအကျိုးဆက်အဖြစ် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ပျက်စီးဆုံးရှုံးမှုတွေလည်းရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၅ ခုနှစ်မှာ လူဦးရေ ၅ ဒသမ ၅ သန်းကို လူမှုဘ၀ရှင်သန်ရေး အကူအညီတွေ ပေးအပ်နိုင်ဖို့ ရည်မှန်းထားပြီး ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံလိုအပ်မယ်လို့ ဆိုပါတယ်။
Photo – AFP