၆ စက်တင်ဘာ၊ ၂၀၂၄
မြန်မာနိုင်ငံမှာ နောက်တကြိမ် လူမျိုးတုန်းသတ်ဖြတ်မှုတွေ စတင်ဖို့ အစပျိုးနေတာကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေး ကိုင်တွယ်ဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က တိုက်တွန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းကပဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေး အရေးတကြီးပြောဆိုထားပေမယ့် လက်တွေ့မှာတော့ ကောင်စီတာဝန်ရှိသူတွေက ပြောထားတာနဲ့ ဆန့်ကျင်သလိုဖြစ်နေတယ်လို့ စက်တင်ဘာ ၅ ရက််််မှာ HRW ကပြောပါတယ်။
လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်ပြီး မဖြစ်ပွားစေဖို့ လုပ်ဆောင်ရတော့မှာဖြစ်တယ်လို့ HRW က တိုက်တွန်းထားပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်က ပြီးခဲ့တဲ့ ဇူလိုင်လက” အခုအခြေအနေက ၂၀၁၆ ၊ ၂၀၁၇ ကာလတွေကလို လူမျိုးတုန်းသတ်ဖြတ်မှုတွေ ပြန်စမယ့် အခြေအနေဖြစ်နေတယ်”လို့ပြောဆိုချက်ကိုလည်း HRW က ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ လပိုင်းက နတ်မြစ်ကို ဖြတ်ကူးဖို့ ကြိုးစားတဲ့ရိုဟင်ဂျာ တွေကို Drop ဗုံးသုံးပြီး တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင်ရိုဟင်ဂျာ အယောက် ၂၀၀ ဝန်းကျင် သေဆုံးခဲ့တဲ့ကိစ္စ၊ အာရက္ခတပ်တော် AA က ရိုဟင်ဂျာရွာတွေကို တိုက်ခိုက်ဖျက်စီးတယ်ဆိုတဲ့ ကိစ္စတွေကိုလည်း HRW ကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၄ ခုနှစ်နှောင်းပိုင်းကစပြီး တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတာကြောင့် ရိုဟင်ဂျာ ၃၂၇၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး စုစုပေါင်း စစ်ဘေးရှောင်ဦးရေမှာ တစ်သန်းခွဲကျော်ရှိလာပြီဖြစ်တယ်လို့ ဆိုပါတယ်။ ပဋိပက္ခတွေကြောင့် နယ်စပ်ဖြတ်ကျော် ထောက်ပံ့ရေး အကန့်အသတ်တွေကြောင့် ရခိုင်ပြည်နယ်အတွင်း လူ ၄၀၀,၀၀၀ စာနပ်ရိက္ခာပြတ်တောက်မှုတွေနဲ့ တွေ့ကြုံနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ခန့်မှန်းထားပါတယ်။