၇ ဇန်နဝါရီ၊ ၂၀၂၅
မြန်မာနိုင်ငံတွင်းဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကိုလျှော့ချပြီး နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဥပဒေတွေကို လေးစားလိုက်နာကြဖို့ မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေအားလုံးကို အမေရိကန်နဲ့ အီးယူအပါအဝင် ကမ္ဘာ့နိုင်ငံတွေက ပူးတွဲ ထုတ်ပြန်ပါတယ်။
ပူးတွဲထုတ်ပြန်ချက်ကို အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ နော်ဝေး၊ ဗြိတိန်နဲ့ အရှေ့တိမောတို့ကထုတ်ပြန်ထားတာဖြစ်ပါတယ်။
အမျိုးသမီး၊ ကလေးငယ်၊ တိုင်းရင်းသား၊ လူနည်းစုတွေအပါအဝင် လူထုအားလုံးလိုအပ်နေတဲ့ အသက်ကယ်အကူအညီတွေရရှိနိုင်ဖို့အတွက် လူသားချင်းစာနာကူညီမှုတွေ အနှောင့်အယှက်မရှိ ပေးခွင့်ရရေးအတွက်လည်း တောင်းဆိုထားပါတယ်။ ဒါ့အပြင် အရပ်သားပြည်သူပိုင်ဆိုင်မှုတွေကို မီးရှို့တာ၊ ဖျက်ဆီးတာစတဲ့ အစီရင်ခံစာတွေကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ဖော်ပြပါတယ်။
မြန်မာနိုင်ငံရဲ့အကြပ်အတည်းကို ဖြေရှင်းဖို့ကြိုးပမ်းတဲ့အခါမှာ ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ ခွဲခြားဆက်ဆံခံရမှုတွေကိုလည်း ဖြေရှင်းဖို့ ထည့်သွင်းရမယ်လို့ ဖော်ပြပါရှိပါတယ်။ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေ တိုးမြင့်လာတာကြောင့် ရိုဟင်ဂျာအပါအဝင် လူမှုအသိုက်အဝန်းအားလုံး ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့အပေါ် အလွန်တရာစိုးရိမ်ကြောင်းလည်းပြောထားပါတယ်။
မြန်မာနိုင်ငံမှာ တင်းမာမှုတွေလျှော့ချပြီး၊မတရားဖမ်းဆီးထားသူတွေ ပြန်လွှတ်ဖို့ သဘောတူဆုံးဖြတ်ခဲ့ကြတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အကောင်အထည်ဖော်ဖို့ကိုလည်း တိုက်တွန်းထားကြပါတယ်။
မြန်မာနိုင်ငံတွင်း ဘာသာရေးနဲ့ လူနည်းစုဝင်တွေကို ခွဲခြားတာ၊ ကလေးငယ်တွေကို အတင်းအကျပ်ပြန်ပေးဆွဲ စစ်သားစုဆောင်းတာ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရပ်သားတွေ ထိခိုက်သေကြေတာ စတဲ့ လူအခွင့်အရေးနဲ့ လူသားချင်းစာနာမှုဥပဒေတွေကို ချိုးဖောက်နေတဲ့ ခိုင်မာတဲ့သတင်းအချက်အလက်တွေလည်း ရရှိထားတယ်လို့ ပြောဆိုပါတယ်။
(Ref: EU)
ပုံစာ – မြိုင်ကြီးငူစစ်ရှောင်စခန်း ၂၀၂၂ခုနှစ် (ပုံဟောင်း)
ဓာတ်ပုံ – UNHCR