Homeပြည်တွင်းသတင်းမြန်မာနိုင်ငံက ကုလကို ပေးရမယ့်နှစ်စဉ်ကြေး NUG က ပေးသွင်းနေတယ်လို့သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

မြန်မာနိုင်ငံက ကုလကို ပေးရမယ့်နှစ်စဉ်ကြေး NUG က ပေးသွင်းနေတယ်လို့သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

၉ ဖေဖော်ဝါရီ ၂၀၂၆

မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် ဆက်လက်မဲပေးခွင့်ရရှိနေဖို့အတွက် ကုလသမဂ္ဂရုံးထံ နှစ်စဉ်ပေးသွင်းရမယ့် ငွေကြေးပမာဏကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဆက်လက်ပေးသွင်းနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း က PVTV ကနေ ပြောကြားလိုက်ပါတယ်။

စစ်အုပ်စုက အာဏာသိမ်းယူဖို့ ကြိုးပမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းကနေ ၂၀၂၅ ခုနှစ်အကုန်အထိ ကုလသမဂ္ဂမှာ မဲပေးခွင့် မဆုံးရှုံးရေးအတွက် ကုလသမဂ္ဂရုံးအဖွဲ့ထံ သုံးကြိမ်တိတိ ပေးသွင်းခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက “၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ အကုန်အထိ မဲပေးခွင့် မဆုံးရှုံးရအောင် အနည်းဆုံးပေးသွင်းရမယ့် ပမာဏကို သုံးကြိမ်တိတိ ပေးသွင်းနိုင်ခဲ့ပါတယ်။ ပထမအကြိမ်ကတော့ အဖွဲ့ရုံးရဲ့ ရန်ပုံငွေအောက်ကနေ ဒေါ်လာ သုံးသိန်းကျော် ပေးသွင်းခဲ့ပြီး၊ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေမှာတော့ NUG ကတဆင့် ပေးလာတဲ့ ပြည်သူ့လှူဒါန်းငွေတွေကို မြန်မာအဖွဲ့ရုံး နယူးယောက်အကောင့်ကနေ ကုလသမဂ္ဂရုံးထံ ပေးသွင်းခဲ့တာပါ” လို့ ပြောပါတယ်။

ကုလသမဂ္ဂထံ နှစ်စဉ်ပေးသွင်းရမယ့် ပမာဏဟာ အမေရိကန်ဒေါ်လာ သုံးသိန်းကျော်ရှိပြီး မြန်မာနိုင်ငံရဲ့ အခြေအနေကြောင့် အခြားနိုင်ငံတွေထက် ပမာဏနည်းသော်လည်း တော်လှန်ရေးကာလအတွင်းမှာတော့ အလွန်ကြီးမားတဲ့ ငွေကြေးဖြစ်တယ်လို့လည်း သံအမတ်ကြီးက ဆိုပါတယ်။

ကုလသမဂ္ဂစည်းမျဉ်းအရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေနဲ့ နှစ်နှစ်ဆက်တိုက် သတ်မှတ်ထားတဲ့ အနည်းဆုံးပမာဏကို မပေးသွင်းနိုင်ဘူးဆိုရင် မဲပေးခွင့်ဆုံးရှုံးရမှာဖြစ်ပြီး၊ အဲဒီအခြေအနေမဖြစ်အောင် အဖက်ဖက်က စဉ်းစားပြီး ဆောင်ရွက်နေတယ်လို့ ပြောကြားထားပါတယ်။

မဲပေးခွင့် ဆက်လက်ရရှိနေတာဟာ တော်လှန်ရေးအတွက် အရေးပါတဲ့ အချက်တစ်ခုဖြစ်ပြီး၊ ကုလသမဂ္ဂမှာ စစ်အုပ်စု ကိုယ်စားပြုခွင့်ရရေး ကြိုးပမ်းနေတာကို တဖက်တလမ်းကနေ တားဆီးနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်တယ်လို့လည်းဆိုပါတယ်။

#ကုလသမဂ္ဂ

#မဲပေးခွင့်

#အမျိုးသားညီညွတ်ရေးအစိုးရ

#ဦးကျော်မိုးထွန်း

#တော်လှန်ရေး

#မြန်မာ့အရေး

#စစ်အုပ်စု

#NewDayMyanmar

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး