၁၀ အောက်တိုဘာ၊ ၂၀၂၄
ကုလသမဂ္ဂရဲ့ ဒီလထုတ် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ သတင်းလွှာကို အောက်တိုဘာ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီသတင်းလွှာမှာ ဖော်ပြထားတာက မြန်မာနိုင်ငံက ပြည်သူတွေဟာ ပြည်တွင်းပဋိပက္ခတွေ၊ အသက်အန္တရာယ် ဖြစ်စေတဲ့ ရေကြီးရေလျှံမှုဘေးတွေကြောင့် အဆိုးရွားဆုံးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပြီး လက်ရှိမှာ လူဦးရေ ၃ သန်းကျော်က နေရပ်စွန့်ခွာနေထိုင်နေရတယ်လို့ ခန့်မှန်းထားကြောင်း ဖော်ပြပါတယ်။
စက်တင်ဘာ ၉ ရက်ကစပြီး မိုးဆက်တိုက်ရွာသွန်းပြီး တိုင်ဖွန်း Yagi အကျိုးသက်ရောက်မှုကြောင့် နိုင်ငံရဲ့ မြို့နယ် ၃၃၀ မြို့နယ်အနက် ၇၀ မြို့နယ်အထိ ရေကြီးမြေပြိုခဲ့ပြီး လူဦးရေ ၁ သန်းနီးပါး ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ ရေဘေးသင့်ခဲ့ပြီး ထိခိုက်ဆုံးရှုံးမှု များပြားခဲ့ပါတယ်။
စိုက်ပျိုးရေးကြိုးပမ်းမှုများ၊ လယ်ယာနဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ ပျက်စီးခဲ့ပြီး ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းတွေ အကြီးအကျယ် ထိခိုက်ဆုံးရှုံးခဲ့ပါတယ်။
နိုင်ငံရဲ့ အနောက်မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းနဲ့ ရခိုင်ပြည်နယ်တို့က လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပြီး၊ ဒေသခံတွေအနေနဲ့ နေရပ်စွန့်ခွာထွက်ပြေးရတာ ၊ အရပ်သားသေဆုံး ဒဏ်ရာရမှုများလာတာ ၊ လုံခြုံရေးအခြေအနေတွေ ဆိုးရွားလာတာတွေ ကြုံတွေ့နေရပါတယ်။
ရေဘေးနဲ့ ပဋိပက္ခဒဏ်ခံရသူတွေကို အကူအညီပေးနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့ အစည်းတွေအနေနဲ့ လမ်းပန်းဆက်သွယ်ရေးမကောင်းတာ၊ အဖွဲ့အစည်းအမျိုးမျိုးရဲ့ သွားလာခွင့်တားဆီးကန့်သတ်ခံရတာ၊ ဘေးကင်း လုံခြုံမှုမရှိတာနဲ့ ရန်ပုံငွေနည်းပါးတာ စတဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရပါတယ်။
ရေဘေးကူညီမှုအတွက် ကုလသမဂ္ဂအရေးပေါ်တုံ့ပြန်ရေးဗဟိုရန်ပုံငွေက အမေရိကန်ဒေါ်လာ ၄ သန်းခွင့်ပြုပေး ထားပြီး၊ နိုင်ငံတကာအလှူရှင်တွေက ဒေါ်လာ ၃ သန်းကျော် ထပ်မံထည့်ဝင်သွားမယ်လို့ ကတိပြုထားပါတယ်။
မြန်မာနိုင်ငံရဲ့ ၂၀၂၄ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနဲ့ တုံ့ပြန်ရေးလုပ်ငန်းစီမံချက်ဟာ ဆယ်လပိုင်း ရောက်နေပေမယ့် လိုအပ်တဲ့ ရန်ပုံငွေရဲ့ ၂၈ ဒသမ ၅ ရာခိုင်နှုန်းပဲရထားတဲ့အတွက် လူသားချင်းစာနာမှုဆိုင် ရာမိတ်ဖက် အဖွဲ့အစည်းတွေအတွက် ကျယ်ပြန့်လာတဲ့ လိုအပ်ချက်တွေကို အလုံးအရင်းနဲ့ အကူအညီပေးဖို့ ထပ်ဆောင်းရန်ပုံငွေတွေ လိုအပ်နေတယ်လို့ UNOCHA က ထုတ်ပြန်ကြေညာပါတယ်။
ပုံစာ- ရမည်းသင်း၊ ပျော်ဘွယ်၊ တပ်ကုန်းဘက်ရေကြီးစဉ်(ပုံဟောင်း)
Photo – AshinNaninda & UNCHO