Homeပြည်တွင်းသတင်းမြန်မာစစ်တပ်ကို အရေးယူမှုအသစ်တွေပြုလုပ်ဖို့ နိုင်ငံတကာကို BROUK တိုက်တွန်း

မြန်မာစစ်တပ်ကို အရေးယူမှုအသစ်တွေပြုလုပ်ဖို့ နိုင်ငံတကာကို BROUK တိုက်တွန်း

၁၀ ဇန်နဝါရီ၊ ၂၀၂၅

ရခိုင်ပြည်နယ်၊ ကျောက်နီမော်ရွာကို စစ်ကောင်စီတပ်တွေ လေကြောင်းက ဗုံးကျဲမှုကြောင့် အရပ်သား ၄၁ ဦးသေဆုံးတဲ့ ဖြစ်ရပ်ကို ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း (BROUK)က အပြင်းအထန်ကန့်ကွက် ရှုတ်ချလိုက်ပြီး နိုင်ငံတကာအနေနဲ့ မြန်မာစစ်တပ်ကို အရေးယူမှုအသစ်တွေ ပြုလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဇန်နဝါရီ ၉ ရက်က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကာကွယ်နိုင်ဖို့ စစ်ကောင်စီကို လေယာဉ်ဆီနဲ့ ငွေကြေး ရစေတဲ့ အရာတွေကို ဖြတ်တောက်ဖို့ နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မောင်းသူမဲ့လေယာဉ်တွေ ထောက်ပံ့နေတဲ့ တရုတ်ကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

ကျောက်နီမော်ရွာဟာ အာရက္ခတပ်တော် AA ရဲ့ထိန်းချုပ်မှုအောက်မှာရှိတာဖြစ်ပေမယ့် တိုက်ပွဲတွေဖြစ်ပွားခြင်းမရှိဘဲ ခုလို အရပ်သားတွေကို ဗုံးကျဲတိုက်ခိုက်တာကို အပြင်းအထန်ရှုတ်ချတယ်လို့ ဆိုပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်ပြီး ဗုံးကြဲလေယာဉ်တွေနဲ့ ဂျက်လေယာဉ်တွေ ပျံသန်းရာမှာ အသုံးပြုတဲ့ လောင်စာဆီတွေကို နိုင်ငံတကာက ဝယ်ယူခဲ့တာပါ”လို့ မြန်မာရိုဟင်ဂျာအသင်း (BROUK) ရဲ့ ဥက္ကဌ ဦးထွန်းခင်က ပြောပါတယ်။

“မြန်မာနိုင်ငံကို လေယာဉ်ဆီ ဖြတ်တောက်ဖို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်။ လေယာဉ်ဆီ ပို့ဆောင်နေတဲ့ ဗီယက်နမ် ကုမ္ပဏီတွေကို ဒဏ်ခတ်အရေးယူသင့်တယ်။”လို့ ဦးထွန်ခင်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်နဲ့ မြန်မာစစ်တပ်အကြားတိုက်ပွဲတွေဖြစ်ပွားနေပြီး မြန်မာစစ်တပ်အနေနဲ့ အရပ်သားတွေကို ခွဲခြားမှုမရှိပဲ ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်နေတာကြောင့် ရိုဟင်ဂျာ ၆ သိန်းလောက် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ပုံစာ – ကျောက်နီမော်ရွာကို စစ်တပ်က လေကြောင်းက တိုက်ခိုက်ပြီးနောက် မြင်ရပုံ

ပုံ- APM

ဆက်စပ် သတင်းများ

Most read