Homeပြည်တွင်းသတင်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်အာဏာပိုင်တွေကို စစ်ရာဇဝတ်မှုနဲ့ အရှေ့တီမောမှာ အမှုဖွင့်

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်အာဏာပိုင်တွေကို စစ်ရာဇဝတ်မှုနဲ့ အရှေ့တီမောမှာ အမှုဖွင့်

၂ ဖေဖော်ဝါရီ ၂၀၂၆

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်အာဏာပိုင်တွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် တာဝန်ရှိတယ်ဆိုတဲ့ တိုင်တမ်းချက်အပေါ် တီမောလက်စတေ တရားရေးအာဏာပိုင်တွေက အမှု လက်ခံဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

ဒီအမှုဖွင့်လှစ်မှုဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံက နောက်ထပ် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ အရေးနဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် တရားရေးအရ အမှု လက်ခံဖွင့်လှစ်လာတာဖြစ်ပါတယ်။

အဆိုပါတိုင်တမ်းချက်ကို ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ကမကထလုပ်ပြီး တီမောလက်စတေရဲ့ မြို့တော် ဒီလီ မှာရှိတဲ့ အစိုးရတရားစွဲရှေ့နေရုံးထံကို သီတင်းနှစ်ပတ်ခန့်အကြာက တင်သွင်းခဲ့တာဖြစ်ပါတယ်။

တိုင်တမ်းချက်တင်သွင်းပြီးနောက် အမှု လက်ခံဖွင့်လှစ်သင့်၊ မသင့်ကို သုံးသပ်ဖို့အတွက် တီမောလက်စတေ ဝါရင့်အစိုးရရှေ့နေတစ်ဦးကို တရားရေးအာဏာပိုင်တွေက တာဝန်ပေးအပ်ခဲ့ပြီး၊ လက်ရှိမှာတော့ အမှုဖွင့်လှစ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

CHRO ရဲ့ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇာအုပ် ကတော့ အခုလို အမှုလက်ခံဖွင့်လှစ်ပေးတဲ့အပေါ် ကြိုဆိုကြောင်း ပြောကြားပြီး ချင်းလူမျိုးတွေ အပါအဝင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရဲ့ ပြည်သူတွေ အတွက် တရားမျှတမှု ရရှိရေးကို တီမောလက်စတေ အာဏာပိုင်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

ဒီအမှုကို ဖွင့်လှစ်နိုင်ခဲ့တာဟာ တီမောလက်စတေမှာ နိုင်ငံတကာတရားစီရင်ပိုင်ခွင့်ဖြစ်တဲ့ Universal Jurisdiction ကို လက်ခံကျင့်သုံးထားတာကြောင့်ဖြစ်တယ်လို့ လန်ဒန်အခြေစိုက် Myanmar Accountability Project (MAP) ကို ဦးဆောင်နေတဲ့ ခရစ္စဂန်းနက်စ် က သုံးသပ်ပြောဆိုထားပါတယ်။

တီမောလက်စတေရဲ့ တရားစီရင်ရေးစနစ်ဟာ လွတ်လပ်ပြီး သီးခြားဖြစ်တာကြောင့် ပြင်ပကနေ ဖိအားပေးမှု၊ စွက်ဖက်မှုမှန်သမျှကို ကန့်ကွက်ပယ်ချသွားမယ်လို့ CHRO ကို ဥပဒေအရ ကိုယ်စားပြုပေးနေတဲ့ ဒါဆေးလ်ဗား တေရှေရား ရှေ့နေအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။

အမှုအတွင်း ထည့်သွင်းတင်ပြထားတဲ့ အဓိကဖြစ်ရပ်တွေမှာ ကိုယ်ဝန် ၇ လရှိတဲ့ အမျိုးသမီးတစ်ဦးကို ခင်ပွန်းရဲ့ မျက်စိရှေ့မှာ အုပ်စုဖွဲ့ မုဒိန်းကျင့်ခဲ့တဲ့ ဖြစ်ရပ်၊ လူ ၁၀ ဦး အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရတဲ့ ဖြစ်ရပ်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံတစ်ခု ပစ်မှတ်ထားခံရပြီး ဆေးဝန်ထမ်းနဲ့ လူနာ စုစုပေါင်း ၈ ဦး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်၊ ခရစ်ယာန် သင်းအုပ်ဆရာနဲ့ ဘုရားကျောင်းတာဝန်ရှိသူတွေ သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်အချို့ကိုတော့ အစောပိုင်းက မြန်မာစစ်အာဏာပိုင်တွေဘက်က သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေရဲ့ လက်ချက် မဟုတ်ဘူးလို့ ငြင်းဆိုထားခဲ့ပါတယ်။

MAP ဘက်ကတော့ အခုလို တီမောလက်စတေမှာ အမှုဖွင့်လှစ်နိုင်ခဲ့တာဟာ မြန်မာပြည်သူတွေအတွက် တရားမျှတမှု ရှာဖွေရေးလမ်းကြောင်းထဲမှာ အရေးပါတဲ့ မှတ်တိုင်တစ်ခုဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး