ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်နားမှာ ဒရုန်းပျံသန်းမှုကြောင့် အထိတ်တလန့်ဖြစ်ရပ်ပြီးမှာပဲ ထိုင်းရဲတွေက ဘန်ကောက် ၊ လတ်ကရာဘန်က ဟိုတယ်တခုကို ဝင်ရောက်စီးနင်းပြီး မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးလိုက်ပါတယ်။
ဖမ်းဆီးရမိသူတွေဟာ အသက် ၂၀ ကျော် ၃၀ ဝန်းကျင်အရွယ်တွေဖြစ်ပြီး သူတို့ဆီကနေ DJI အမျိုးအစား ဒရုန်း ၁၀ စီးကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့ပါတယ်။
ထိုင်းရဲတွေရဲ့ စစ်ဆေးချက်အရ ဒီဒရုန်းတွေကို ထိုင်းနိုင်ငံမှာ လက်ခံယူဆောင်ပြီး မြန်မာနိုင်ငံကို ပို့ဆောင်ပေးဖို့ သူတို့ရဲ့ အမည်မသိလူတဦးက ခိုင်းစေတာဖြစ်တယ်လို့ ဝန်ခံထားတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံသား ရက်ချပူ ဆိုသူက မြန်မာနိုင်ငံသား Kevin Cho ရဲ့ အကူအညီတောင်းခံမှုကြောင့် ဝယ်ပေးခဲ့တာလို့ ဆိုပါတယ်။ ဒီဒရုန်းတွေ မြန်မာပြည်ရောက်ရင် ကုမ္ပဏီတစ်ခုကနေတစ်ဆင့် မြန်မာစစ်တပ်ကို ပြန်လည်ရောင်းချဖို့ ဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။
FlyCart 30 အမျိုးအစား ဒရုန်း တစင်းကို ဘတ် ၅ သိန်းတန်ကြေးရှိပြီး DJI ၁၀ စီးအတွက် စုစုပေါင်း ဘတ် ၇.၅ သန်း အကုန်အကျခံ ဝယ်ယူခဲ့တယ်လို့သိရပါတယ်။
ဖမ်းဆီးခံ မြန်မာနိုင်ငံသား ၄ ဦးရဲ့ ဗီဇာတွေကို ရုပ်သိမ်းပြီး ထိန်းသိမ်းထားသလို၊ ဆက်စပ်သူ Mr. Ratchapol ပြန်လာရင်လည်း စစ်ဆေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
အဲ့ဒီဒရုန်းပျံသန်းမှုနောက်ဆက်တွဲအနေနဲ့ လုံခြုံရေး အေဂျင်စီတွေနဲ့ အမျိုးသားထုတ်လွှင့်မှုနဲ့ဆက်သွယ်ရေးကော်မရှင် (NBTC)တို့ ပူးပေါင်းပြီး ထပ်မံရှာဖွေရာ သံသယရှိ ဒရုန်း ၂၅၀၀ ကျော်ကို သိမ်းဆည်းခဲ့ကြောင်း The Nation သတင်းမှာ ဖော်ပြပါတယ်။
ဓါတ်ပုံ – ဘဏ်ကောက်ပို့


