Homeပြည်တွင်းသတင်းမြန်မာက ကမ္ဘာပေါ်မှာ သတင်းထောက်ဖမ်းဆီးမှု ဒုတိယအများဆုံးနိုင်ငံဖြစ်

မြန်မာက ကမ္ဘာပေါ်မှာ သတင်းထောက်ဖမ်းဆီးမှု ဒုတိယအများဆုံးနိုင်ငံဖြစ်

၂၃ ဇန်နဝါရီ ၂၀၂၆

သတင်းထောက်များကို ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ရဲ့ ၂၀၂၅ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းထောက်ဖမ်းဆီးမှု ဒုတိယအများဆုံးနေရာမှာရှိနေပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် သတင်းမီဒီယာတွေကို စနစ်တကျ ဖိနှိပ်လာတာကြောင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်အထိ မြန်မာနိုင်ငံမှာ သတင်းထောက် ၃၀ ဦး ဖမ်းဆီးချုပ်နှောင်ခံထားရတယ်လို့ CPJ က ဖော်ပြထားပါတယ်။ အဲဒီအရေအတွက်နဲ့ မြန်မာနိုင်ငံဟာ သတင်းထောက် ၅၀ ဦး အဖမ်းခံရတဲ့ တရုတ်နိုင်ငံနောက်မှာ ဒုတိယအများဆုံး ဖြစ်လာတာပါ။

CPJ ရဲ့ အစီရင်ခံစာအရ ကမ္ဘာတဝန်း သတင်းထောက်ဖမ်းဆီးခံရသူစုစုပေါင်းဟာ ၂၀၂၄ ခုနှစ်ထက် ၂၀၂၅ ခုနှစ်မှာ အနည်းငယ် လျော့ကျခဲ့ပေမယ့် မြန်မာနိုင်ငံမှာတော့ ဖမ်းဆီးမှုနှုန်း မလျော့ဘဲ ဆက်လက်မြင့်မားနေဆဲ ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေကို နိုင်ငံတော်လုံခြုံရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မတွေ အသုံးပြုပြီး စွဲချက်တင်ထားတာတွေ များပြီး သတင်းဖော်ပြခြင်းကိုတောင် ရာဇဝတ်မှုလို သတ်မှတ်လာနေတယ်လို့ CPJ က ထောက်ပြထားပါတယ်။

အကျဉ်းထောင်အတွင်းမှာတော့ သတင်းထောက်အများစုဟာ ဆေးကုသခွင့် ကန့်သတ်ခံရတာ၊ မိသားစုနဲ့ ရှေ့နေတွေကို တွေ့ခွင့်မရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်း စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကြုံတွေ့နေရတယ်လို့လည်း ဆိုပါတယ်။

CPJ ရဲ့ CEO ဂျိုးဒီ ဂင်စ်ဘာ့ဂ်က သတင်းထောက်တွေကို ဖမ်းဆီးနှိပ်ကွပ်တာဟာ အများပြည်သူ သိပိုင်ခွင့်ကို ဖျက်ဆီးတာဖြစ်ပြီး ဒီမိုကရေစီအတွက် အန္တရာယ်ကြီးတယ်လို့ သတိပေးထားပါတယ်။

CPJ အနေနဲ့ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်အားလုံးကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့၊ မတရားတဲ့ စွဲချက်တွေကို ရုပ်သိမ်းဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဆက်လက်ဖိအားပေးသွားဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး