၁၇ ဇန်နဝါရီ၊ ၂၀၂၅
ကမ္ဘာပေါ်မှာ သတင်းသမားတွေကို ဖမ်းဆီးခံရမှု အများဆုံးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက တတိယနေရာမှာရှိနေတယ်လို့ သတင်းသမားများကာကွယ်ရေး ကော်မတီ CPJ က ထုတ်ပြန်ပါတယ်။
လက်ရှိအချိန်မှာ ကမ္ဘာတလွှား သတင်းအလုပ်နဲ့ ပတ်သက်ပြီး အကျဉ်းကျနေသူတွေဟာ ၂၀၂၄ ဒီဇင်ဘာ ၁ ရက်နေ့ အထိ ၃၆၁ ဦး ရှိနေတယ်လို့ ဆိုပါတယ်။ အဲ့ဒီအထဲမှာ မြန်မာနိုင်ငံက သတင်းသမား ၃၅ ဦးပါဝင်ပါတယ်။
ဖမ်းဆီးခံထားရတဲ့ သတင်းသမားအရေအတွက်အရ တရုတ်နိုင်ငံက ၅၀ ဦး၊ အစ္စရေးနိုင်ငံက ၄၃ ဦး၊ မြန်မာနိုင်ငံက ၃၅ ဦးရှိပြီး၊ ဘယ်လာရုစ်၊ ရုရှား၊ အီဂျစ်၊အယ်ရီထရီယာ၊ အီရန်၊ ဗီယက်နမ်နဲ့ အဇာဘိုင်ဂျန်နိုင်ငံတို့ အစဉ်အတိုင်းဖြစ်ပါတယ်။
ဒါကတော့ သတင်းသမားများကာကွယ်ရေး ကော်မတီ CPJ က ထုတ်ပြန်တဲ့ အချက်အလက်ဖြစ်ပြီး လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး IMJA ရဲ့ စာရင်းတွေအရတော့ မြန်မာနိုင်ငံမှာ လက်ရှိ ဖမ်းဆီးခံထားရတဲ့ သတင်းသမား ၄၅ ဦးအထိ ရှိနေပါတယ်။
Photo – AFP