Homeပြည်တွင်းသတင်းမြန်မာကို ခရီးမသွားဖို့နဲ့အန္တရာယ်ရှိကြောင်း ဟောင်ကောင် ကြေညာ

မြန်မာကို ခရီးမသွားဖို့နဲ့အန္တရာယ်ရှိကြောင်း ဟောင်ကောင် ကြေညာ

၁၉ ဇန်နဝါရီလ၊ ၂၀၂၅

ထိုင်းမြန်မာနယ်စပ်က ငွေလိမ်ဂိုဏ်းနဲ့ ရာဇဝတ်ဂိုဏ်းတွေမှာ ဟောင်ကောင်က လူတွေ အတင်းအဓမ္မခိုင်းစေခံရမှုတွေ ပေါ်ပေါက်လာတဲ့အတွက် မြန်မာနိုင်ငံကို ခရီးမသွားဖို့နဲ့ အန္တရာယ်ရှိကြောင်း အနီရောင်အဆင့် သတ်မှတ်ပြီး ဟောင်ကောင်အစိုးရက ထုတ်ပြန်ကြေညာထားပါတယ်။

ဟောင်ကောင်အစိုးရသတ်မှတ်ချက်မှာ အနီရောင်ဟာ အလယ်အလတ်အဆင့်ဖြစ်ပြီး အရေးတကြီးကိစ္စမရှိရင် မသွားဖို့နဲ့ အထူးအန္တရာယ်ရှိကြောင်း သတိပေးတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးက အသက် ၂၅နှစ်အရွယ် ဟောင်ကောင်နိုင်ငံသား တစ်ဦး အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ အတင်းအကြပ်ခိုင်းစေခံရာက ပြန်လည်လွတ်မြောက်လာပြီးနောက်မှာ အစိုးရက မြန်မာကို ခရီးမသွားဖို့ တားမြစ်ခဲ့တာ ဖြစ်ပါတယ်။ သူအပါအဝင်လူ ၁၂ ဦးဟာ ငွေလိမ်ဂိုဏ်းတွေမှာ ခိုင်းစေခံခဲ့ရတယ်လို့ ဟောင်ကောင်အာဏာပိုင်တွေက အတည်ပြုထားပါတယ်။

၂၀၂၄ ခုနှစ်မှာ အရှေ့တောင်အာရှကို ဖြားယောင်းခံခဲ့ရပြီး သူတို့ဆန္ဒမပါဘဲငွေလိမ်ဂိုဏ်းတွေမှာ လုပ်ကိုင်ခဲ့ရတဲ့ ဟောင်ကောင်ပြည်သူ ၂၈ ဦးအနက် ၁၇ ဦးဟာ နေအိမ်ပြန်လာကြပြီလို့ သိရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာလည်း ပိတ်မိနေသေးတယ်လို့ သိရပြီး ကမ္ဘောဒီးယားကိုလည်း အဝါရောင်အဆင့် အန္တရာယ်အဆင့် သတ်မှတ်သတိပေးထားပါတယ်။

အနီရောင်အဆင့် သတ်မှတ်ထားတဲ့ မြဝတီ၊ ဖာပွန်၊ ကော့ကရိတ်နဲ့ ဘားအံ လေးခရိုင်ကို သွားမယ့်သူတွေအ‌နေနဲ့ ခရီးစဉ်ကို သုံးသပ်ဖို့ ကြေညာထားပါတယ်။ ရောက်ရှိနေတဲ့သူတွေကတော့ အခြေအနေစောင့်ကြည့်ပြီး နေသင့်တယ်လို့ ဆိုထားပါတယ်။

(Ref : Chinadailyhk.com)

ပုံစာ – ရွှေကုက္ကိုမြို့ကို ညဘက်မြင်ရပုံ

ဓာတ်ပုံ – Today Variety

ဆက်စပ် သတင်းများ

Most read