၁၅ ဇန်နဝါရီ၊ ၂၀၂၅
ဒီဇင်ဘာလနှောင်းပိုင်းထဲက မြန်မာနိုင်ငံ ရာဇဝတ်ဂိုဏ်းတစ်ခုမှာ လူကုန်ကူးဖမ်းဆီးခံထားရတဲ့ ထိုင်ဝမ်ပရော်ဖက်ရှင်နယ် မီးတောက်ကချေသည်အမျိုးသားတစ်ဦး ပြန်လွတ်လာပြီး ထိုင်ဝမ်ကို ဇန်နဝါရီ ၁၄ ရက် မနေ့က ပြန်လည်ရောက်ရှိလာတယ်လို့ Focus Taiwan က ဖော်ပြပါတယ်။
အသက် ၂၇နှစ်အရွယ် Hsieh Yueh-peng ဟာ ထိုင်ဝမ်နဲ့ ထိုင်းရဲတွေ ပူးတွဲကြိုးပမ်းမှုနဲ့ ထိုင်းမြန်မာနယ်စပ်ကနေ ဘန်ကောက်ကို ဇန်နဝါရီ ၁၄ရက် မနက်အစောပိုင်းကပြန်လည်ရောက်ရှိလာပြီး ဘန်ကောက်ကနေ ထောင်ယွမ်လေဆိပ်ကို ပျံသန်းသွားတာ ဖြစ်ပါတယ်။
Hsieh လွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံက ထိုင်ဝမ်ကိုယ်စားလှယ်ရုံး၊ ထိုင်ဝမ်ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဗျူရို၊ ထိုင်းလူဝင်မှုကြီးကြပ်ရေး၊ ထိုင်ဝမ် နိုင်ငံတကာ ငွေကြေးလိမ်လည်မှုဆန့်ကျင်ရေးအဖွဲ့နဲ့ ထိုင်းခရီးသွားလုပ်ငန်းရဲဌာနတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ CNA က ဖော်ပြပါတယ်။
Hsieh ရဲ့ မိသားစုတွေက လူကုန်ကူးသူတွေ တောင်းဆိုထားတဲ့ငွေကြေးပေးခဲ့ခြင်းရှိမရှိကိုတော့ ရဲက ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။
ထိုင်ဝမ်ရဲတပ်ဖွဲ့အဆိုအရ Hsieh ဟာထိုင်းသို့ရောက်ရှိပြီးနောက် ဒီဇင်ဘာ ၂၅ မှာ သူ့မိသားစုနဲ့နောက်ဆုံးအဆက်အသွယ်ရခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ သူ့မိသားစုကို သူဟာ တယ်လီဖုန်းကတဆင့် ငွေကြေးလိမ်လည်တဲ့လုပ်ငန်းတေါ လုပ်ခိုင်းခံနေရတဲ့အတွက် အမေရိကန်ဒေါ်လာသောင်းချီပြီး ရွေးပေးဖို့ တောင်းဆိုခဲ့တယ်လို့ရဲတပ်ဖွဲ့က ဆိုပါတယ်။
ဖုန်းရဲ့အချက်အလက်အရ သူ့ရဲ့နောက်ဆုံးနေရာဟာ မြန်မာ နိုင်ငံဖြစ်နေတယ်လို့ ထိုင်ဝမ်ရဲတပ်ဖွဲ့က ပြောဆိုပြီး မြန်မာနိုင်ငံမှာ ရှိတဲ့ ထိုင်ဝမ်ကိုယ်စားလှယ်ရုံးကို ဒီဇင်ဘာ ၂၇ ရက်မှာ တိုင်ကြားပြီး သတင်းထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။
ထိုင်ဝမ်ကိုမပြန်ခင် ဘန်ကောက်လေဆိပ်မှာ တွေ့ဆုံချိန်မှာ CNA နဲ့ အင်တာဗျူးလုပ်ခဲ့ပြီး Hsieh ဟာ ထိုင်းနိုင်ငံကို Facebook ad က အလုပ်အကိုင်အခွင့်အရေးတခုရတာကြောင့် ထွက်လာတယ်လို့ ဆိုပါတယ်။ သူ့ကို Facebook ကတဆင့် ဆက်သွယ်ပြီး သူ့ရဲ့မီးတောက်ကပြဖျော်ဖြေမှုတွေကို သင့်တော်တဲ့ပမာဏနဲ့ငှားရမ်းခဲ့တယ်လို့ ဆိုပါတယ်။
သူဟာ ဘန်ကောက်ရောက်ပြီးမကြာမီ မဲဆောက်က ဟိုတယ်တစ်ခုကို ခေါ်ဆောင်ခံရပြီး ၃ နာရီလောက်အကြာမှာလူတယောက်ကာခေါ်ပြီး မြစ်ကမ်းဘေးကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ မြန်မာဘက်ကို လှေနဲ့ဖြတ်ကူးနေချိန်မှာ မြစ်ဆိပ်ကလူတွေက ထိုင်းစကားမပြောကြတဲ့အတွက် သူဟာ တခုခုမှားနေတယ်ဆိုတာ သိလိုက်တယ် လို့ ဆိုပါတယ်။ ဖုန်းကိုတောင်းယူချိန်မှာ သေနတ်နဲ့ဝိုင်းပြီး ချိန်ထားခဲ့ကြတယ်လို့ သူက ပြောဆိုပါတယ်။
သူ့ကို စစ်တပ်ဝတ်စုံနဲ့လူတွေ အပြည့်ပါတဲ့ ကားပေါ်ကို ဖမ်းခေါ်သွားပြီး စက်ရုံအတုကို ခေါ်သွားပြီး အဲ့ဒီ့မှာ သူဟာ လိမ်ညာတဲ့အလုပ်တွေ လုပ်ရကြောင်းနဲ့ သူ့ကို မိသားစုက အမေရိကန်ဒေါ်လာ ၃၀၀၀၀ နဲ့ ပြန်ရွေးမှ လွှတ်မယ်လို့ ပြောခဲ့ကြပါတယ်။
လိမ်ညာဖုန်းဆက်ရင်းကွန်ပြူတာ သုံးခွင့်ရတဲ့နေ့မှာ သူဟာ ထိုင်ဝမ်မှာရှိတဲ့ မိသားစုနဲ့မိတ်ဆွေတွေဆီကို ဆက်သွယ်ရာက မိသွားတဲ့အတွက် စစ်စခန်းတစ်ခုကိုခေါ်သွားပြီး ကိုးရက် အပြစ်ပေးခံရပါတယ်။
Hsieh က သူ့ကိုယ်သူ ဥပမာထားပြီး ထိုင်ဝမ်နိုင်ငံသားတွေကို ပြည်ပက အလုပ်အကိုင်အခွင့်အလမ်းတွေကို သတိထားဖို့ ပြောသွားပါတယ်။ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်ဝမ်နိုင်ငံသားတွေကို အရှေ့တောင်အာရှနိုင်ငံတွေကို သတိထားသွားလာလည်ပတ်ဖို့ သတိပေးထားပြီး ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းမှာ ထိုင်ဝမ်နိုင်ငံသား ၁၅၃၃ ယောက်ကို လူကုန်ကူးဂိုဏ်းတွေဆီက ပြန်လွတ်လာဖို့ ကြိုးပမ်းခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ထိုင်ဝမ်လူမျိုး ၅၀၀ ထက်မနည်းဟာ ငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – CNA / Thai Police