မြစ်ဆုံဆည်စီမံကိန်း ပြန်လည်စတင်ဖို့ ကြိုးပမ်းမှုအပေါ် မြန်မာဘူမိသိပ္ပံပညာရှင်တွေက လုံးဝမလုပ်သင့်ကြောင်း မနေ့က ဇန်နဝါရီ ၁၆ ရက်မှာထုတ်ပြန် ကြေညာလိုက်ပါတယ်။
မြန်မာဘူမိသိပ္ပံပညာရှင်တွေရဲ့ ကြေညာချက်မှာ မြစ်ဆုံဒေသအပြင် ကချင်ပြည်နယ်နဲ့ မြန်မာပြည် တစ်ပြည်လုံးအတွက် ကြီးမားတဲ့ ဆိုးကျိုးအန္တရာယ်တွေ ကျရောက်နိုင်တယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီက မြစ်ဆုံဆည်စီမံကိန်း လုပ်ဆောင်ဖို့ ပြင်ဆင်နေတဲ့အပေါ် အခုလို သဘောထား ထုတ်ပြန်လိုက်တာဖြစ်ပြီး၊ မြစ်ဆုံဒေသဟာ ဒေသခံတိုင်းရင်းသားပေါင်းစုံတို့ရဲ့ရိုးရာအမွေအနှစ်နဲ့ သဘာဝအမွေအနှစ်များ ဖြစ်တဲ့အပြင် ဧရာဝတီမြစ်ကြီးရဲ့ မြစ်ဖျားခံရာ နေရာလည်းဖြစ်လို့ ဘယ်အရာနဲ့မှ တန်ဖိုးမဖြတ်နိုင်ကြောင်း ဖော်ပြထားပါတယ်။
မြစ်ဆုံဆည်စီမံကိန်းကြောင့် ငလျင်ဘေးကြုံရနိုင်တာ၊ ဆည်ကျိုးကျနိုင်တာ၊ မြေပြိုတာ၊ ဧရာ၀တီမြစ်ကြောင်းတလျှောက်နဲ့ မြစ်ဝှမ်းဒေသ စိုက်ပျိုးရေးထိခိုက်နိုင်တာအပါအဝင် ပညာရပ်ဆိုင်ရာ အချက် ၈ချက်ကို ဖော်ပြပြီး ဆည်လုံးဝမလုပ်သင့်ကြောင်း ထောက်ပြထားပါတယ်။
ပညာရပ်ဆိုင်ရာ အချက် ၈ချက်အနေနဲ့ မြစ်ဆုံဒေသဟာ ငလျင်ဇုန်တိုင်းတာမှုဇ ယားအရ အန္တရာယ်ကြီးမားတဲ့ပြင်းထန် ငလျင်ဇုန်မှာ ရှိနေတာ၊ ဘူမိဗေဒဆိုင်ရာ အနေအထား(Geological structure)အရ မကြာသေးတဲ့ကာလ ၂၀၂၅ ခုနှစ် မတ်လမှာ လှုပ်ရှားခဲ့တဲ့ အင်အားပြင်းငလျင် ကိုဖြစ်ပေါ်စေတဲ့ စစ်ကိုင်းပြတ်ရွှေ့ကြီးနဲ့ အလွန်နီးကပ်နေတာတွေကို ပညာရှင်တွေက ထောက်ပြထားတာပါ။
ဒါ့အပြင် အခြားဆိုးကျိုးတွေကိုလည်း ထောက်ပြထားပြီး နိုင်ငံတော်လုံခြုံရေးအရ မြစ်ဆုံဒေသမှာ ဆည် ၇ ခု ဆောက် လုပ်ထားပြီး၊ အခြေအနေ အကြောင်း ကြောင်းကြောင့် တပြိုင်နက် ပျက်စီးမယ်ဆိုရင် မြစ်ဆုံဒေသအပြင် ကချင် ပြည် နယ်နဲ့ မြန်မာပြည်တပြည်လုံးအတွက် ကြီးမားသော ဆိုးကျိုးအန္တရာယ်တွေ ကျရောက်နိုင်တယ်လို့ သတိပေးထားပါတယ်။
လတ်တလော မြစ်ဆုံစီမံကိန်းစတင်မှာကို ကန့်ကွက်ကြောင်း ဒေသခံပြည်သူတွေက ဆန္ဒထုတ်ဖော်နေကြသလို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း မြစ်ဆုံစီမံကိန်းလုပ်ရင် အစားထိုးမရတဲ့ သဘာ၀ပတ်ဝန်းကျင် ဆိုးကျိုးတွေကြုံရမယ်လို ဇန်နဝါရီ ပထမပတ်အတွင်းက သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန် သတိပေးထားပါသေးတယ်။


