၂၀ ဖေဖော်ဝါရီ ၂၀၂၆
ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းမှာ မြစ်ကြီးနားလေဆိပ် အတွင်း လက်နက်ကြီး ဒါမှမဟုတ် FPV ဒရုန်းလို့ ယူဆရတဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အရပ်ဘက် ခရီးသည်တင်လေယာဉ်တစ်စင်း ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒေသခံတွေထံက ရရှိတဲ့ ကနဦးသတင်းအရ မြစ်ကြီးနားလေဆိပ်မှ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ Myanmar National Airlines (MNA) လေကြောင်းလိုင်းရဲ့ ခရီးသည်တင်လေယာဉ် အမြီးပိုင်းကို ပေါက်ကွဲမှုကြောင့် ထိခိုက်သွားတာဖြစ်တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ခရီးသည်တစ်ဦးက “လေယာဉ်အမြီးပိုင်းကို ထိပြီး မီးတွေဖွာထွက်နေတာ မြင်ခဲ့ရတယ်။ မှောင်မိုက်နေတဲ့အချိန်မှာ ပစ်ခတ်သံတွေကြားရပြီး လူတွေ ပြေးလွှားကြ၊ ငိုကြ၊ သတိလစ်တဲ့သူတွေလည်း ရှိခဲ့တယ်” လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
အခြားဒေသခံတစ်ဦးကတော့ လေယာဉ်ဟာ ထွက်ခွာဖို့ ပြင်ဆင်နေချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ခရီးသည်တွေ ဘေးကင်းလုံခြုံခဲ့ကြောင်း ပြောဆိုထားပါတယ်။ “ပစ္စည်းတွေ တင်ပြီးသားပါ။ လေယာဉ်နောက်ပိုင်း မီးထိသွားတာဖြစ်ပြီး ခရီးသည်တွေတော့ ထိခိုက်မှုမရှိပါဘူး” လို့ ဆိုပါတယ်။
သတင်းရင်းမြစ်တချို့ရဲ့ ပြောကြားချက်အရ ပေါက်ကွဲမှုဟာ လေဆိပ်အနီးရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက်ကို ဦးတည်ပစ်ခတ်တာဖြစ်နိုင်ပြီး လေဆိပ်လုံခြုံရေးဘက်က ပြန်လည်ပစ်ခတ်ရာကနေ ဒရုန်းပျက်ကျကာ လေယာဉ်ကို ထိမှန်သွားတာဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။
လက်ရှိအချိန်မှာ မြစ်ကြီးနားလေဆိပ်ကို ယာယီပိတ်ထားပြီး လက်နက်ကြီးသံတွေ ဆက်လက်ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကော်မရှင် ဘက်ကတော့ တရားဝင် ထုတ်ပြန်ချက် တစုံတရာ မရှိသေးသလို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာလဲဆိုတာလည်း မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းအဖွဲ့တွေက မြစ်ကြီးနားလေဆိပ်နဲ့ အနီးဝန်းကျင်ကို FPV ဒရုန်းအသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း စစ်ကော်မရှင်ဘက်က ထုတ်ပြန်ခဲ့ဖူးပါတယ်။
ဒီနေ့ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ တိကျခိုင်မာတဲ့ အချက်အလက်တွေကို New Day Myanmar က ဆက်လက်စောင့်ကြည့် စုံစမ်းပြီး ထပ်မံတင်ပြသွားပါမယ်။
ဓာတ်ပုံ – CJ


