Homeပြည်တွင်းသတင်းမြင်းခြံမြို့က သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေ ရပ်ဆိုင်းရတဲ့အတွက် ရန်ကုန်မြို့မီးပြတ်တောက်နိုင်ကြောင်း YESC ထုတ်ပြန်

မြင်းခြံမြို့က သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေ ရပ်ဆိုင်းရတဲ့အတွက် ရန်ကုန်မြို့မီးပြတ်တောက်နိုင်ကြောင်း YESC ထုတ်ပြန်

၁၃ ဩဂုတ်၊ ၂၀၂၄

မြင်းခြံမြို့နယ်ထဲက သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေဖြစ်တဲ့ V-Power နဲ့ စင်္ကာပူအခြေစိုက် Sembcorp စက်ရုံတို့ကို အ‌ရေးပေါ်ရပ်ဆိုင်းထားရတာကြောင့် ရန်ကုန်တိုင်း မြို့နယ်တချို့မှာ လျှပ်စစ်မီး ယာယီပြတ်တောက်တာတွေရှိနိုင်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ထုတ်ပြန်ပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တောင်သာမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်တို့ကို မြင်းခြံစစ်ဆင်ရေးအမည်နဲ့ ဒေသတွင်းက တော်လှန်ရေးတပ်တွေ ပူးပေါင်း တိုက်ပွဲဝင်နေပြီး ဓာတ်အားပေးစက်ရုံတွေအပါအဝင် စက်ရုံတွေကို အရေးပေါ် ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။

V Power နဲ့ Semborp ဓာတ်အားပေးစက်ရုံတွေက ဓာတ်အားစနစ် ထုတ်လုပ်နိုင်မှု မရှိချိန်ကာလအတွင်းမှာ ဓာတ်အားစနစ် တည်ငြိမ်မှုရှိစေရန်အတွက် ရေအားလျှပ်စစ်စက်ရုံများမှ ဓာတ်အားဖြည့်တင်းခြင်း၊ အရေးပေါ် ၀န်အားထိန်းညှိ‌မှုများဆောင်ရွက်ခြင်းများ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

အဲဒီစက်ရုံတွေ ရပ်ဆိုင်းထားတဲ့ကာလအတွင်း ရန်ကုန်တိုင်း မြို့နယ်တချို့မှာ လျှပ်စစ်မီးရရှိချိန်ကို လျှော့ချပြီး စက်မှုဇုန်တွေမှာလည်း ညပိုင်းမှာ လျှပ်စစ်မီးပေးတာတွေ လျှော့ချသွားမယ်လို့ ကြေညာပါတယ်။ ယာယီပြတ်တောက်မှုတွေလည်း ရှိမယ်လို့ ဆိုပါတယ်။

စက်ရုံတွေ ရပ်ဆိုင်းလိုက်တဲ့အပေါ် Sembcorp ကတော့ နယ်မြေအတွင်းက မတည်မငြိမ်ဖြစ်မှုတွေကြောင့် ယာယီရပ်ဆိုင်းထားတယ်လို့ စင်္ကာပူအခြေစိုက်ရုံးကနေ ကြေညာထားပါတယ်။ လျှပ်စစ်ဓာတ်အား ၂၂၅ မီဂါဝပ် ထုတ်လုပ်ပြီး အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံထားတဲ့ Sembcorp စက်ရုံဟာ မြင်းခြံမြို့အနီးက သံမဏိစက်ရုံအနီးမှာရှိပြီး ၂၀၁၉ ခုနှစ်မှာ စတင်လည်ပတ်ခဲ့ပါတယ်။

တောင်သာမြို့ထဲက ဝဲလောင် ဓာတ်အားခွဲရုံမှာလည်း ဩဂုတ် ၉ ရက်တိုက်ပွဲကြောင့် ပျက်စီးခဲ့ပါတယ်။ ဒီ ဓာတ်အားပေးစက်ရုံပျက်စီးမှုတွေနဲ့ပတ်သတ်ပြီး PDF အမည်ခံ အကြမ်းဖက်တွေက ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွေက ဩဂုတ် ၁၂ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်က မြင်းခြံမြို့ကို ပြန်လည် ရရှိဖို့ လေကြောင်းပစ်ကူတွေပါ လုပ်နေပြီး ဩဂုတ်လ ၁၂ ရက် ည ၁၁ နာရီဝန်းကျင်မှာ မြင်းခြံမြို့ အနီးက ဘုရားကြီးရွာဝန်းကျင်မှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုံစာ – (မြင်းခြံ sembcorp ဓာတ်အားပေးစက်ရုံ)

ဆက်စပ် သတင်းများ

Most read