၁၁ ဒီဇင်ဘာ၊ ၂၀၂၄
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တဲ့အတွက် အမျိုးသမီးတစ်ဦးသေဆုံးပြီး ဒေသခံ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။
ဒီဇင်ဘာ ၁၀ရက်၊ ညနေ ၄ နာရီ ၄၅ မိနစ်က စတင်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မြင်းခြံခရိုင်၊တောင်သာမြို့နယ်၊မိုးနှောင်းကင်းကျေးရွာကို စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းက ၃ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တော်လှန်ရေးတပ်တွေ အခြေချတဲ့ရွာလည်းမဟုတ်ကြောင်း ဒေသခံတွေက ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၅၀အရွယ်အမျိုးသမီးတစ်ဦးသေဆုံးပြီး ဒေသခံပြည်သူထဲက အမျိုးသား နှစ်ဦး၊ အမျိုးသမီး နှစ်ဦး၊ ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦး ပါဝင်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
နေအိမ် ၁၀လုံး ပျက်စီးခဲ့ပြီး အခုအခါ ရွာက လူတွေဟာ လေကြောင်းရန်ကို ကြောက်တဲ့အတွက် ရွာလုံးကျွတ် တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဟာ မြင်းခြံခရိုင်အတွင်းက မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်တွေက ကျေးရွာတွေကို လေကြောင်းက တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ စစ်ကြောင်းထိုးတာတွေ ဆက်တိုက်ပြုလုပ်နေတဲ့အတွက် ဒီဇင်ဘာပထမအပတ်အတွင်း နွားထိုးကြီးမြို့နယ်က ဒေသခံပြည်သူ ၁၁ ဦးသေဆုံးခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
ပုံစာ – မိုးနှောင်းကင်းရွာကို လေကြောင်းတိုက်ခိုက်တဲ့အတွက် ပျက်စီးခဲ့တဲ့ လူနေအိမ်တစ်လုံး
Photo – နွားထိုးကြီး-Journal