Homeပြည်တွင်းသတင်းမြင်းခြံခရိုင်၊ တလုပ်မြို့ကို လေကြောင်းက ဗုံးအလုံး ၆၀ မက စစ်ကောင်စီ ကြဲချ

မြင်းခြံခရိုင်၊ တလုပ်မြို့ကို လေကြောင်းက ဗုံးအလုံး ၆၀ မက စစ်ကောင်စီ ကြဲချ

၂ ဖေဖော်ဝါရီ၊ ၂၀၂၅

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်းက တလုပ်မြို့ရဲ့အနီးဝန်းကျင်ကို ဖေဖော်ဝါရီ ၁ ရက် ညပိုင်းက Y 12 ဂျက်တိုက်လေယာဉ်တွေသုံးပြီး လေကြောင်းကနေ ဗုံးအလုံးပေါင်း ၆၀ ထက် မနည်းကြဲချခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းက တလုပ်မြို့ပေါ်မှာ အင်အား ၅၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကို ဒေသကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်တွေက စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ပါတယ်။ စခန်းထဲ ရောက်ရှိကာနီးမှာ လေကြောင်းက လာပြီး ပစ်ကူလို့ ပြန်ဆုတ်ခဲ့ရပြီး ညပိုင်းမှာတော့ စစ်ကောင်စီလေတပ်က တလုပ်မြို့နဲ့အနီးဝန်းကျင်ကို လာရောက် ဗုံးကြဲခဲ့တာလို့ သိရပါတယ်။

လက်ရှိအချိန်မှာ ထိခိုက် သေဆုံးသူအရေအတွက်ကို တိတိကျကျမသိရသေးဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။ စစ်ကောင်စီဟာ မြင်းခြံမြို့နယ်ထဲက ဆင်းဂွတ်ရွာ စာသင်ကျောင်းကိုလည်း ဇန်နဝါရီလ ၂၆ ရက်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၃ဦးအပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပြည်သူတွေ စုစုပေါင်း ၁၈ ဦး သေဆုံးခဲ့ပြီး လူ ၂၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်တွေက ကျေးရွာတွေကို နေ့စဉ်နီးပါး လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးကြဲချတာ၊ လေကြောင်းက ဗုံးကြဲချတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပုံစာ – ဆင်ဂွတ်ရွာကို ဗုံးကြဲချစဉ်(ပုံဟောင်း)

ဓာတ်ပုံ – Citizen

ဆက်စပ် သတင်းများ

Most read