Homeပြည်တွင်းသတင်းမြင့်တက်လာတဲ့ ဈေးနှုန်းတွေကြောင့် ၂၀၂၄ - ၂၅ ပညာသင်နှစ်မှာ ကိုယ်ပိုင်ကျောင်းများ ဝင်ကြေး၊ လစာများ ပိုမိုတိုးမြင့်ကောက်ခံ

မြင့်တက်လာတဲ့ ဈေးနှုန်းတွေကြောင့် ၂၀၂၄ – ၂၅ ပညာသင်နှစ်မှာ ကိုယ်ပိုင်ကျောင်းများ ဝင်ကြေး၊ လစာများ ပိုမိုတိုးမြင့်ကောက်ခံ

၄ ဇွန်၊ ၂၀၂၄

၂၀၂၄-၂၅ ပညာသင်နှစ်မှာ ကျောင်းအပ်သူတွေပိုမိုများပြားလာပေမဲ့ ကိုယ်ပိုင်ကျောင်းများရဲ့ ကျောင်း ဝင်ကြေး၊ လစာနဲ့ တခြားစရိတ်တွေ ပိုပြီး မြင့်တက်လာတယ်လို့ သိရပါတယ်။

ဒီနှစ်မှာ ငွေကြေးတန်ဖိုး ကျဆင်းပြီး တခြားဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် ကိုယ်ပိုင်ကျောင်းတိုင်း လိုလို ကျောင်းလခတွေ တိုးမြှင့်ကောက်ခံတာ ၊ နာမည်ကြီးကျောင်းတွေဆို တစ်နှစ်စာ တစ်ခါတည်း ဒါမှမ ဟုတ် နှစ်ကြိမ်ခွဲ သွင်းရတာတွေ ရှိနေတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

ရန်ကုန်မြို့ နိုင်ငံတကာသင်ရိုးနဲ့တွဲသင်တဲ့ ကိုယ်ပိုင်ကျောင်းမှာ အငယ်တန်းကျောင်းသားတစ်ဦးအတွက် ကျောင်းဝင်ကြေး ၅ သိန်း ၊ ကျောင်းလခ တစ်နှစ်စာ ၁၅ သိန်းပေးရပြီး ကျောင်းဝင်ကြေးမှာ မနှစ်က ၃ သိန်း၊ ကျောင်းလစာမှာ မနှစ်က ၁၂ သိန်းသာ ရှိခဲ့တယ်လို့ ကျောင်းသားမိဘတစ်ဦးက ပြောပြပါတယ်။

“ကျောင်းဝတ်စုံ ၊ စာအုပ်ကြေးမပါ ၊ သိန်း ၂၀ တစ်ခါထဲ သွင်းရတယ်။ မနှစ်ကထက် ကျောင်းဝင်ကြေး ၂ သိန်း တက်သွားတယ်၊ ကျောင်းလခက မနှစ်က ၁၂သိန်း ဒီနှစ် ၁၅ သိန်းဖြစ်သွားတယ်၊ ကလေးက G5 တက်တာပါ” လို့ New Day Myanmar ကို ပြောပါတယ်။

ကမာရွတ်က မြန်မာသင်ရိုးသစ်နဲ့ သင်တဲ့ ကိုယ်ပိုင်ကျောင်းတစ်ခုမှာလည်း ကျောင်းဝင်ကြေး ၃သိန်းခွဲ ၊ ကျောင်းလခ လစဉ်ပေးသွင်းလို့ရပြီး မနှစ်က တစ်လ ၁သိန်း ၂သောင်းသာ ကောက်ခံရာက ဒီနှစ် တစ်လ ၁သိန်း ၅သောင်း ထိ တိုးကောက်ခဲ့ပါတယ်။

ကျောင်းဝင်ကြေးမှာ မနှစ်က ၂သိန်း သာ ကောက်ခံခဲ့တာ ဖြစ်ပါတယ်။ မနလေးမြို့က နာမည်ကြီးကိုယ် ပိုင်ကျောင်းတစ်ခုက G6 နဲ့ G2 ကလေးနှစ်ဦးရဲ့ မိခင်ကတော့ “ကျောင်းလခသီးသန့် တစ်နှစ်စာ တစ်ခါထဲ သွင်းခဲ့ရတာ ကလေး၂ ယောက်စာ သိန်း ၄၀ ကုန်ကျခဲ့တယ် ။

ကျောင်းဝတ်စုံနဲ့ ဘာကြေးမှ မပါသေးဘူး ။ စာအုပ်ဖိုးက သင်္ချာ အင်္ဂလိပ် Extra အတွက် တယောက်ကို ၅သောင်းပါ ။ ကျောင်းဝတ်စုံက မနှစ်က ၂၃၀၀၀ ဒီနှစ်တော့ မသိသေးဘူး”လို့ New Day Myanmar ကို ပြောပါတယ်။ တခြားကိုယ်ပိုင်ကျောင်းတစ်ခုက ကျောင်းသားမိဘကလည်း ” Grade 5 အတွက် တစ်နှစ်စာ ၁၃သိန်း၊ စာအုပ်ဖိုး ၁သိန်း ပေးရတယ်။ ကျန်တာမပါ ။ ဝတ်စုံလည်း နောက်မှ ထပ်ဝယ်မယ်”လို့ဆိုပါတယ်။

အစိုးရကျောင်းတွေမှာတော့ ဝင်ကြေးကောက်ခံခြင်းမရှိဘူးလို့ ကြေညာထားပေမဲ့ မကြာသေးမီက လှိုင်မြို့နယ်က ကျောင်းတစ်ကျောင်းက Single Mother ဝန်ထမ်း အမျိုးသမီးတစ်ယောက် သူငယ်တန်း အပ်တာကို တစ်သိန်းအထိ တောင်းခံခဲ့တဲ့အတွက် လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြပြီး ပို့စ်ကို မျှဝေသူများပြားခဲ့ပါတယ်။

ဒါ့အပြင် ကမာရွတ်က နာမည်ကြီးအထက်တန်းကျောင်းမှာ တယောက် နှစ်သိန်း အလှူငွေကောက်ခံပြီး ဆရာ ဆရာမတွေ အစားအစာတွေကို အလှူငွေတွေနဲ့ စားသောက်နေတယ်လို့ ကျောင်းသားမိဘတစ်ဦး ရေးတဲ့ပို့စ်လည်း နာမည်ကြီးခဲ့ပါသေးတယ်။

“ကိုယ်ပိုင်ကျောင်းလခတွေသာ ပိုတိုးကောက်တယ်။ ဆရာ ဆရာမတွေကတော့ လစာတိုးမရပါဘူး။ သူတို့လည်း နေရာငှားရမ်းခတွေ ၊ မီးစက်စရိတ်တွေ၊ တခြားစရိတ်တွေနဲ့ ပြန်ကုန်နေတာပါပဲ ၊ ဒီနှစ်တော့ လစာ နည်းနည်းတိုးပေးမယ်လို့ မျှော်လင့်တာပါပဲ ၊ အစိုးရကျောင်းတွေကပြောင်းလာသူတွေလည်း ရှိနေ တာမို့ ဆရာမတွေ တာဝန်ပိုကြီးလာသလို ကျောင်းဝင်ငွေလည်းပိုများလာတယ်ဆိုတော့ မျှော်လင့် မိပါ တယ်” လို့ ရန်ကုန်မြို့ ကိုယ်ပိုင်ကျောင်းတစ်ခုမှ ဆရာမတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ဆက်စပ် သတင်းများ

Most read