၁၈ ဖေဖော်ဝါရီ ၂၀၂၆
ထိုင်း–မြန်မာနယ်စပ် မဲဆောက်မြို့မှာရှိတဲ့ မြန်မာရွှေ့ပြောင်း သွေးသစ်အထက်တန်းကျောင်း ဆရာ ဦးဇော်ငြိမ်းလတ်ကို ကလေးငယ်တွေ အပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနဲ့ မဲဆောက်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်နဲ့ ထပ်တိုးဒဏ် ၄၄ လ ချမှတ်လိုက်တယ်လို့ အမှုလိုက်ပါကူညီပေးနေသူတွေက ပြောပါတယ်။
အသက် ၇၂ နှစ်အရွယ် ဦးဇော်ငြိမ်းလတ်ကို စူဝမ်နမင်း ကလေးအခွင့်အရေးအဖွဲ့အစည်းနဲ့ နစ်နာသူ ကလေးနှစ်ဦးဘက်က မဲဆောက်ရဲစခန်းမှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်း အမှုဖွင့်တိုင်ကြားခဲ့ပြီးနောက် အခုလို အပြီးသတ်အမိန့် ချမှတ်လိုက်တာဖြစ်ပါတယ်။
အမှုကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “အသက်မပြည့်သေးတဲ့ ကျောင်းသားတွေကို လိင်အမြတ်ထုတ်ခဲ့တာကြောင့် ထိုင်းနိုင်ငံဥပဒေအရ တရားစွဲပြီး ထောင်ချနိုင်ခဲ့တာပါ” လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
သွေးသစ်အထက်တန်းကျောင်းကို ၂၀၀၃ ခုနှစ်ကတည်းက မဲဆောက်မြို့မှာ ဖွင့်လှစ်ထားပြီး မြန်မာရွှေ့ပြောင်းကလေးတွေနဲ့ စစ်ဘေးရှောင်ကလေးတွေ အများအပြား တက်ရောက်နေတဲ့ ကျောင်းဖြစ်ပါတယ်။ ကျောင်းသားအများစုဟာ ကျောင်းအိပ်၊ ကျောင်းစားနဲ့ နေထိုင်ရပြီး ထောင်နဲ့ချီတဲ့ ကလေးတွေ ပညာသင်ကြားနေကြတာပါ။
ဦးဇော်ငြိမ်းလတ်ဟာ ၁၉၇၄–၁၉၇၅ ကျောင်းသားအရေးခင်းမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ပြီး နိုင်ငံရေးခိုလှုံခွင့်နဲ့ အမေရိကန်မှာ နေထိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ပြန်ရောက်လာပြီး သွေးသစ်အထက်တန်းကျောင်းမှာ ဆရာအဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ဒီအမှုဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့က စတင်ပေါ်ပေါက်ခဲ့ပြီး ကလေးအခွင့်အရေးအဖွဲ့အစည်းနဲ့ နစ်နာသူမိဘတွေက မဲဆောက်ရဲစခန်းမှာ တိုင်ကြားခဲ့တာပါ။ ထိုင်းသတင်းဌာနတွေ ဖော်ပြချက်အရ ဦးဇော်ငြိမ်းလတ်က ကျောင်းသားတွေကို ညဘက်ခေါ်ပြီး နှိပ်နယ်ခိုင်းတာ၊ ဖျားနာတယ်လို့ ပြောပြီး အတူအိပ်ခိုင်းတာတွေ လုပ်ခဲ့သလို လိင်အင်္ဂါကို ထိကိုင်တာ၊ အချို့ကိစ္စတွေမှာ ကိုယ်တိုင်အာသာဖြေခိုင်းတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်တွေဟာ ၂၀၂၅ ခုနှစ် မတ်လကနေ ဇွန်လအထိ ဆက်တိုက်ဖြစ်ခဲ့ပြီး ကျောင်းသား ၈ ဦးခန့်က ဆရာကို အရေးယူပေးဖို့ ကျောင်းဘက်ကို တိုင်ကြားခဲ့ပေမယ့် အချိန်ကြာမြင့်စွာ ထိရောက်တဲ့ အရေးယူမှု မရှိခဲ့ဘူးလို့ မိဘအုပ်ထိန်းသူတွေက ပြောထားပါတယ်။
အဲ့ဒီနောက် ရဲစခန်းကို ကလေးအခွင့်အရေးအဖွဲ့အစည်းက တိုင်ကြားခဲ့ပြီးနောက် ခုလိုအရေးယူခံရတာဖြစ်ပါတယ်။


