၂၁ ဇန်နဝါရီ ၂၀၂၅
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ရှိ မဲဆောက်ရဲစခန်းက ရဲတပ်ကြပ်ကြီးတဦးအတွက် မြန်မာနိုင်ငံသားများ အများအပြားက သွေးသွားရောက်လှူဒါန်းခဲ့တယ်လို့ မဲဆောက်အခြေစိုက် ထိုင်းသတင်းသမားတွေ ထံက သိရပါတယ်။
အဆိုပါ ရဲတပ်ကြပ်ကြီးဟာ ဇန်နဝါရီ ၂၀ ရက်က မဲဆောက်မြို့အတွင်း တရားမဝင်ပစ္စည်းများ ဖမ်းဆီးနေစဉ် သံသယတရားခံတဦးရဲ့ ပစ်ခတ်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
ဒဏ်ရာရရှိထားတဲ့ ရဲတပ်ကြပ်ကြီးအတွက် ဇန်နဝါရီ ၂၁ ရက်က မဲဆောက်ဆေးရုံကြီးမှာ သွေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြပြီး ထိုင်းနဲ့ မြန်မာ ပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြတာဖြစ်ပါတယ်။
သွေးလှူဒါန်းခဲ့သူ ထဲက တဦးဖြစ်တဲ့ မအဲ့လစ်ဟန်နီကတော့ “မဲဆောက်မြို့ 7/11 ဆိုင်အနီးမှာ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ရဲတပ်ကြပ်ကြီးအတွက် သွေး လှူဒါန်းခဲ့ပါတယ်၊ လှူဒါန်းချင်စိတ်တစ်ခုထဲနဲ့ ဆေးရုံကို အရောက်သွားပြီး ဟိုရှာဒီရှာနဲ့ အကူအညီတောင်းတော့ အကူအညီပေးသူက ပစ်ခံရတဲ့ ရဲတပ်ကြပ်ကြီးရဲ့ ဇနီးဖြစ်နေပါတယ်။ သွေးလှူဒါန်းခံတဲ့ post လေးကို ပြပြီး သူ့အတွက် လှူချင်တာဆိုတော့ “ကျွန်မက သူ့ဇနီးပဲ လာ လာ… ကျွန်မဖြည့်ပေးမယ်”ဆိုပြီး သူမကိုယ်တိုင် ဖြည့်ပေးတယ်၊ ကျွန်မလဲ အခုလို အဖြစ်အပျက်အတွက် “အလွန်စိတ်မကောင်းဝမ်းနည်းရပြီး တောင်းပန်ပါတယ်”လို့ပြောတော့ …. “ရပါတယ် မလိုပါဘူး… သူလဲ သက်သာပါတယ်… ခွဲစိပ်မှုတော့ ဆက်လုပ်ရဦးမယ်တဲ့… မြန်မာ ၁ ဦးအနေနဲ့ အခုလို လာပေးတာကိုလည်း သူအရမ်းဝမ်းသာတယ်တဲ့၊ ပြီးတော့ အနားမှာ သူနဲ့အတူ ပါလာတဲ့ ထိုင်းအသိတွေကိုပါ ဒီမှာကြည့်တဲ့ မြန်မာကောင်မလေး သွေးလာလှူတယ်” ဆိုပြီး ဝမ်းသာပီတနဲ့ ပြန်ပြောပြနေသေးတယ်”လို့ သူ့ရဲ့ ဖေ့ဘွတ်လူမှုကွန်ပေါ်မှာ ရေးသားထားပါတယ်။
လက်ရှိမှာတော့ ကုသမှုခံယူနေတဲ့ ရဲတပ်ကြပ်ကြီးက အသက်ဘေးအန္တရာယ်ကနေ လွတ်မြောက်သွားပြီး ကုသမှုနဲ့ ခွဲစိပ်မှုတွေကိုတော့ လိုအပ်သလို ဆက်လက်လုပ်ဆောင်ရမယ်လို့ သိရပါတယ်။
ဓါတ်ပုံ – မဲဆောက်ရဲတပ်ဖွဲ့ နှင့် Alice Honey FB


