Homeပြည်တွင်းသတင်းမဲဆောက်မှာ ထိုင်းရဲတပ်ကြပ်ကြီးကို ပစ်ခတ်ခဲ့တဲ့ မြန်မာနိုင်ငံသားတဦး ဖမ်းဆီးရမိ

မဲဆောက်မှာ ထိုင်းရဲတပ်ကြပ်ကြီးကို ပစ်ခတ်ခဲ့တဲ့ မြန်မာနိုင်ငံသားတဦး ဖမ်းဆီးရမိ

၂၂ ဇန်နဝါရီ ၂၀၂၆

ထိုင်း–မြန်မာနယ်စပ် မဲဆောက်မြို့မှာ ထိုင်းရဲတပ်ကြပ်ကြီးတဦးကို သေနတ်နဲ့ ပစ်ခတ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ မြန်မာနိုင်ငံသား လူငယ်တဦးကို ဇန်နဝါရီ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာ နှစ်နိုင်ငံအာဏာပိုင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီ လူငယ်ဟာ မဲဆောက်မြို့ မတ်ခိုကင်း (မဟာဝမ်း) ဒေသကနေတဆင့် မြန်မာဘက်ခြမ်းရှိ မင်းလက်ပံကျေးရွာကို ကမ်းကူးထွက်ပြေးဖို့ ကြိုးပမ်းနေစဉ် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာဘက်ခြမ်းရှိ ဗိုလ်တာဘောအဖွဲ့က အဲဒီ သေနတ်သမားကို ဖမ်းဆီးပေးခဲ့တယ်လို့လည်း သိရပါတယ်။

ဖြစ်စဉ်ကတော့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ မဲဆောက်မြို့ မယ်ကုရပ်ကွက်မှာ သေနတ်အရောင်းအဝယ် လုပ်ဖို့ ရောက်ရှိနေတဲ့ မြန်မာလူငယ်နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က တားမြစ်စစ်ဆေးရာကနေ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

အဲဒီ ပစ်ခတ်မှုကြောင့် ထိုင်းရဲတပ်ကြပ်ကြီးတဦးရဲ့ ဝမ်းဗိုက်မှာ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး လက်ရှိမှာတော့ အသက်အန္တရာယ် စိုးရိမ်ရမယ့် အခြေအနေ မရှိတော့ဘူးလို့ သိရပါတယ်။

အခင်းဖြစ်ပွားပြီးနောက် ထိုင်းရဲတပ်ဖွဲ့က ပတ်ဝန်းကျင်ဒေသကို နှစ်ရက်ကြာ ပိတ်ဆို့ရှာဖွေခဲ့ပြီးနောက် မြန်မာဘက်ကို ထွက်ပြေးဖို့ ကြိုးပမ်းနေတဲ့ တရားခံကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ – လူမှုကွန်ရက်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး