၂၇ ဒီဇင်ဘာ၊ ၂၀၂၄
ထိုင်းမြန်မာနယ်စပ်၊ တာ့ခရိုင်၊ မဲဆောက်မြို့နယ်ထဲမှာ ဝမ်းရောဂါ ကူးစက်သူ ၄ ဦးထိ ရှိနေပြီဖြစ်ကြောင်းနဲ့ မသန့်ရှင်းတဲ့အစားအစာတွေကို မစားဖို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံဘက်အခြမ်းက ရွှေကုက္ကိုလ်မြို့သစ်မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ(Cholera) ကြောင့် လူ သုံးရာထက်မနည်း ကူးစက်ခံရပြီးနောက်မှာ တာ့ခရိုင်ထဲမှာလည်း မြန်မာ ၂ဦးအပါအဝင် ၄ ဦး ကူးစက်နေတာကြောင့် ဝမ်းရောဂါကာကွယ်ဆေးနဲ့ကုသဆေး သောက်ဆေး ထိုးဆေးတွေကို ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပို့ပေးထားတယ်လို့ သိရပါတယ်။
ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ ဘန်ကောက်ပို့စ်မှာလည်း ထိုင်းအစိုးရက ဝမ်းရောဂါသောက်ဆေး ကို လူအယောက် ၂၄၀၀ စာ ၂၄၀၀၀ ပို့ထားပြီး ကာကွယ်ဆေး ၁၄၈၂ လုံး ပို့ထားတယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံသားတွေ အများဆုံးလာရောက်တဲ့ ဈေးလေးခုကို ပိုးသတ်ဆေးဖြန်းတာ၊ ရောဂါကာကွယ်ဖို့ အသိပညာပေးတာတွေလုပ်နေတယ်လို့ တာ့ခရိုင်တာဝန်ရှိသူတွေက ဆိုပါတယ်။
“ဈေးမှာတော့ မနေ့က(ဒီဇင်ဘာ ၂၆ရက်) ဆေးလာဖြန်းတယ်၊ ပြီးတော့ ပစ္စည်းတွေ ဆိုင်ရှေ့မထုတ်ဖို့၊ ယင်နားစာတွေ မစားဖို့၊ အစားအစာကို သန့်သန့်ရှင်းရှင်း ကိုင်ဖို့ လာအော်တာတာတွေ ရှိတယ်။ မဲဆောက်ဈေးထဲမှာတော့ စစ်နေတာ ၂ ရက်ရှိပြီ။ မဲဆောက်မြို့တွင်းတော့ ကားနဲ့အော်တာတို့ လမ်းဘေးဆိုင်တွေကို စစ်တာတို့ ပိတ်ခိုင်းတာတို့ လုပ်နေတယ်။ မြန်မာဆိုင်တွေကတော့ မစစ်ခင်ထဲက ပိတ်ထားကြတယ်” လို့ မဲဆောက်မြို့မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
မဲဆောက်မှာ တွေ့ရှိရတဲ့ လူနာနှစ်ဦးဟာ မယ်ပနဲ့ ထုံထောင်းဘက်က ဖြစ်တယ်လို့ သိရပြီး ထိုင်းကျန်းမာရေးဝန်ကြီးဌာနနဲ့ ထိုင်းစစ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ ပေါင်းပြီး နယ်စပ်မှာ ရေလမ်းကကူးဖြတ်လာခြင်းမရှိဖို့ ဖိဖိစီးစီးစောင့်ကြပ်နေတယ်လို့ သိရပါတယ်။
ပုံစာ – ထိုင်းမြန်မာနယ်စပ် ရေလမ်းကကူးဖြတ်နေတဲ့မြင်ကွင်း
ဓာတ်ပုံ – ဘန်ကောက်ပို့စ်