မွန်ပြည်နယ် မော်လမြိုင်မြို့ ဇေတဝန်ကျောင်းတိုက်က သာသနာနွယ်ဖောင်ဒေးရှင်းဆရာတော် အရှင်စန္ဒာဇောတိအပါ ဒကာနှစ်ဦးကို စစ်ကော်မရှင်က မနေ့က နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းက ဖမ်းဆီးလိုက်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
“မနေ့က ညနေပိုင်းလောက်မှာ လာခေါ်သွားတာပါ။ ဘာ့ကြောင့်ဆိုတာတော့မသိသေးပါဘူး။ အချို့ကတော့ ဆရာတော် တင်တဲ့ပို့စ်တခုအတွက် စစ်ဆေးဖို့ခေါိတယ်လို့လည်း ကြားတယ်”လို့ ဆိုပါတယ်။
ဆရာတော်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မော်
လမြိုင် တောင်ဝိုင်းတောင်မှာမွန်ပြည်နယ်စစ်ကော်မရှင်ရဲ့ တောင်မြေဖြိုမှုအပေါ် လူမှုကွန်ရက်စာမျက်နှာမှာ နေပြည်တော်က သိစေဖို့ဆိုတဲ့ ပို့စ်တစ်ခုကို ဓာတ်ပုံနဲ့တကွ ရေးသားဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် ဆရာတော်ဟာ ကျောင်းတိုက်ဘေး မော်လမြိုင်လေယာဉ်ကွင်းအနီးဝန်းကျင်မှာ အထပ်အမြင့်အဆောက် အဦတည်ဆောက်တာအပြင် သာသနာညိုးနွမ်းစေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ဆေးခံနေရတယ်လို့လည်း ကနဦး သိရပါတယ်။
လတ်တလောမှာ ဆရာတော်ကို ပုဒ်မအချို့နဲ့ အမှုဖွင့်ထားတယ်လို့ သိထားရပေမယ့် ပုဒ်မအမျိုးအစားတွေကိုတော့ New Day Myanmar အနေနဲ့ အတည်ပြုနေဆဲဖြစ်ပါတယ်။
ဆရာတော်ကိုဖမ်းဆီးစဉ်မှာ ဆရာတော်ရဲ့ တပည့်နှစ်ဦးနဲ့ ကားတချို့ကိုလည်း စစ်ကော်မရှင်က တစ်ခါတည်း ဖမ်းဆီးသိမ်းဆည်းသွားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-အရှင်စန္ဒာဇောတိ ဖေ့စ်ဘွတ်


