မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အုတ်ဖိုမြို့ပတ်လမ်းမှာရှိတဲ့ ငါးကန်ဟောင်းရေအိုင်တခုအတွင်း သတ်ဖြတ်ခံရပြီးနောက် လာရောက် စွန့်ပစ်ထားတဲ့အမျိုး သားရုပ်အလောင်း တလောင်းတွေ့ရှိရတယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတစ်ခုဆီက သိရပါတယ်။
အဲ့ဒီ ရုပ်အလောင်းကို ဇန်နဝါရီ ၁၈ ရက်က တွေ့ရှိခဲ့တာဖြစ်ပြီး၊ သေဆုံးသူဟာ အသက် ၄၂ နှစ်အရွယ် ကိုစိုးမိုးထိုက်ဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။
“ရဲကတော့ စုံစမ်းနေတုန်းပါ။ ဘာကြောင့်သတ်ခံရတယ်ဆိုတာတော့မသိရသေးပေမယ့် တကိုယ်လုံးမှာ ဓားနဲ့ခုတ်ခံရတဲ့ဒဏ်ရာတွေ ဗလပွပါ။ အသတ်ခံရပြီးမှ လာပစ်တဲ့သဘောလို့ ကနဦး မှတ်ချက်ပြုထားပါတယ်”လို့ ပြောပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို စစ်ဆေးတဲ့အခါမှာ လည်ပင်း ပြတ်ရှဒဏ်ရာ၊ ဦးခေါင်း ပေါက်ပြဲဒဏ်ရာ၊ ဘယ်ဘက် နားထင်ပေါက်ပြဲဒဏ်ရာတွေနဲ့ တွေ့ရှိရတာလို့ဆိုပါတယ်။
လက်ရှိမှာ သေဆုံးသူအမျိုးသားရဲ့ ရုပ်အလောင်းကိုမော်လမြိုင်ပြည်သူ့ဆေးရုံကြီးရဲ့ ရင်ခွဲရုံကို ဒေသခံ ရာမညအရေးပေါ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ- ရာမညအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့


