Homeပြည်တွင်းသတင်းမော်တော်ယာဉ်ပိုင်ရှင်တွေကို စက်သုံးဆီ ဝယ်ယူခွင့်ကတ်နဲ့သာ ဝယ်ယူခိုင်းဖို့ စစ်ကောင်စီ ကြိုးပမ်း

မော်တော်ယာဉ်ပိုင်ရှင်တွေကို စက်သုံးဆီ ဝယ်ယူခွင့်ကတ်နဲ့သာ ဝယ်ယူခိုင်းဖို့ စစ်ကောင်စီ ကြိုးပမ်း

၄ အောက်တိုဘာ၊ ၂၀၂၄

စက်သုံးဆီကို ဝယ်ယူခွင့်ကတ်နဲ့သာ ဝယ်ယူကြဖို့ စစ်ကောင်စီရဲ့ ကြိုးပမ်းမှုဟာ အောက်တိုဘာလအတွင်း အကောင်အထည်ပေါ်လာနိုင်တယ်လို့ စက်သုံးဆီရောင်းချနေတဲ့အသိုင်းအဝိုင်းက ဆိုပါတယ်။

စက်သုံးဆီ ဝယ်ယူခွင့် စမတ်ကတ်ဟာ နိုင်ငံခြားငွေ သုံးစွဲမှု လျှော့ချဖို့ ကြံစည်တဲ့ စစ်ကောင်စီရဲ့ ကြိုးပမ်းချက် ဖြစ်ပါတယ်။ ဆီဖြည့်ဖို့ ယာဉ်နဲ့အတူ ဝယ်ယူခွင့်ကတ်ကိုပါ ယူလာရမှာ ဖြစ်ပြီး အသေးစိတ် သတ်မှတ် ချက် များကိုလည်း စက်သုံးဆီဆိုင်များအနေနဲ့ မသိရသေးဘူးလို့ ဆီဆိုင်ဝန်ထမ်းတချို့က ဆိုပါတယ်။

စက်သုံးဆီ ဝယ်ယူခွင့်ကတ်ပြားမှာတော့ ဆီဝယ်ယူချိန် ကားနံပါတ်၊ ယာဉ်အမျိုးစား၊ ဝယ်ယူတဲ့ ဆီအမျိုး အစားကို အချက်အလက်ကောက်ယူမယ့် ကတ်အမျိုးအစားလို့ သိရပါတယ်။

” မှောင်ခိုဆီဈေးကွက် ပြန်ဖြစ်လာမှာပဲ။ တစ်ယောက်နဲ့တစ်ယောက် သွားတဲ့အကွာအဝေး သုံးတဲ့ ပမာဏ ထပ်တူကျနေမှာလည်းမဟုတ်ဘူး၊ ကျွန်တော့်ကားဆို တနေကုန် အလုပ်ကိစ္စနဲ့ မြို့ပတ်နေရတယ်၊ မိန်းမကားကျ ကလေးတွေ ကျောင်းကြိုပို့တာလောက် သုံးတာ၊ ဒီတော့ သူတို့က ဘာကို ကန့်သတ်မှာလဲဆိုတာကို ကြည့် ရ မယ်” လို့ ပြည်သူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

တစ်ရက်ကို လီတာဘယ်လောက်ရောင်းရမယ်နဲ့ ကားတစ်စီးကို တစ်ရက်တစ်ကြိမ်ပဲ ရောင်းချမှာလား ၊ အငှားယာဉ် ၊ ကျောင်းကြိုပို့နဲ့ ခရီးသွားမော်တော်ယာဉ်တွေကို ဘယ်လို သတ်မှတ်ရောင်းချမှာလဲဆိုတဲ့ သတ်မှတ်ချက်တွေ မသိသေးဘူးလို့ စက်သုံးဆီဆိုင် မန်နေဂျာတစ်ဦးက ဆိုပါတယ်။

” ပြောရရင် မနှစ်က ဆီကုမ္ပဏီက တာဝန်ရှိသူတွေကို နေပြည်တော်ကို ခေါ်ထဲက စာရင်းစစ်ရုံအပြင် ဒီကိစ္စတွေအတွက် သူတို့စီစဉ်ထားပုံရတယ်။ ဒါဟာ သူတို့ဘက်က ကန့်သတ်ရောင်းချဖို့လား ၊ ဒါမှမဟုတ် ဆီသုံးစွဲမှုပမာဏကို ခြေရာခံချင်တာလား မသိရသေးပါဘူး၊ ဘာကန့်သတ်ချက်မှ မရှိဘဲ ခေါင်းဆောင်က လုပ်လုပ်ဆို ပြောပြီး အောက်ကလူတွေက ထင်ရာစည်းကမ်းတွေနဲ့ လုပ်ကြမယ့် သဘောရှိတယ်” လို့ စက်သုံးဆီဆိုင်မန်နေဂျာတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ မှောင်ခိုစက်သုံးဆီတွေရဲ့ အပြင်ပေါက်ဈေးက တပေပါဈေးဆို ပရီမီယံ ဒီဇယ်က ၈သိန်း နဲ့ ၈သိန်း ၄သောင်းကြား၊ ဒီဇယ်ဆီက ၇သိန်း ၆ သောင်းနဲ့ ၈ သိန်းကြား ၊ 92 ဓာတ်ဆီက တပီပါကို ၇ သိန်းခွဲ ၊ 95 က ၇ သိန်း ၈သောင်း လောက်ပေါက်တယ်လို့ လိုင်စင်မဲ့ စက်သုံးဆီရောင်းချနေသူ လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

မှောင်ခိုစက်သုံးဆီကို အခုလို မကန့်သတ်ခင်ထဲက မီးတွေ ပြတ်တဲ့အတွက် စာသင်ကျောင်း၊ ရုံး၊ ခရီးသွား လုပ်ငန်း၊ ကွန်ဒိုတိုက်ခန်းတွေနဲ့ စက်ရုံတွေက ပေပါလိုက် ဝယ်ယူကြကြောင်းနဲ့ အခုလို ကန့်သတ်တာဟာ ပြင်ပစက်သုံးဆီရောင်းချမှုတွေပိုဖြစ်စေနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာ ၄ရက် မနက်ပိုင်း စက်သုံးဆီရန်ကုန်စျေးကွက် ရည်ညွှန်းစျေးမှာ ၉၂ တစ်လီတာ ၂,၉၅၅ ကျပ်၊ ၉၅ တစ်လီတာ ၃,၁၅၀ကျပ်၊ ဒီဇယ်တစ်လီတာ ၂,၅၇၀ ကျပ်နဲ့ ပရီမီယံ ဒီဇယ်တစ်လီတာ ၃,၁၉၀ကျပ် ရှိပါတယ်။

ပုံစာ – စက်သုံးဆီ ဝယ်ယူခွင့်ကတ် နမူနာ

Photo – Citizen

ဆက်စပ် သတင်းများ

Most read