Homeပြည်တွင်းသတင်းမော်ချီးဒေသကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၅ ဦးအပါ ၂၄ ဦးအထိ သေဆုံး

မော်ချီးဒေသကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၅ ဦးအပါ ၂၄ ဦးအထိ သေဆုံး

၁၈ ဩဂုတ် ၂၀၂၅

ကယား(ကရင်နီ)ပြည်နယ်၊ မော်ချီးဒေသက အရပ်သားပြည်သူတွေ အများဆုံးနေထိုင်တဲ့‌နေရာကို စစ်ကော်မရှင်က ဩဂုတ် ၁၇ ရက် မနက်ပိုင်းနဲ့ မွန်းလွဲပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၅ ဦးအပါ ၂၄ ဦးအထိ သေဆုံးနှုန်းမြင့်တက်လာနေတယ်လို့ သိရပါတယ်။

ဒါအပြင် ထိခိုက်ဒဏ်ရာရသူ ၁၇ ဦးထက်မနည်းရှိနေပြီး ဒေသတွင်းတိုက်နယ်ဆေး ရုံတလုံး၊ လူနေအိမ် ၁၀လုံးထက်မနည်း လုံးဝ ပျက်ဆီးသွားတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဆီကနေ သိရပါတယ်။

စစ်ကော်မရှင်ဟာ မော်ချီးဒေသကို ခဲလုပ်ငန်းလုပ်ကိုင်သူတွေ၊ ဒေသခံပြည်သူတွေနဲ့ ရပ်ဝေးကနေ ခဲလုပ်ငန်းအပါအဝင် အခြားစီးပွားရေးလုပ်ငန်းများလာရောက်လုပ်ကိုင်နေသူများသာရှိပြီး တိုက်ပွဲလုံးဝဖြစ်ပွားတဲ့နေရာမဟုတ်ဘူးလို့ ဒေသခံတဦးကပြောပါတယ်။

စစ်ကောင်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်လာတာတွေဟာ ထင်တိုင်းကြဲတိုက်ခိုက်နေတာကြောင့် စစ်ကော် မရှင်ရဲ့လေကြောင်းအန္တရာယ်ကို ကာကွယ်ဖို့ နဲ့ အထူးသတိပြုဖို့ကိုလည်း Jobs For Kayah အဖွဲ့က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်ဟာ ၎င်းတို့လက်လွှတ်ထားရတဲ့မော်ချီးဒေသကို မကြာခဏ ဗုံးကြဲတာ၊ ထိတ်လန့်အောင်ဆောင်ရွက်နေတာတွေကိုကြည့်ရင် ၎င်းတို့ထိန်းချုပ်ရာ ဒေသဆီကို ရွှေ့ပြောင်းလာစေရန် ရည်ရွယ်ချက်တွေနဲ့လုပ် ဆောင်နိုင်တာဖြစ်တယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေကလည်းထောက်ပြထားပါတယ်။

လွန်ခဲ့တဲ့ မတ်လကစပြီး စစ်ကော်မရှင်ဟာ မော်ချီးဒေသကိုလေကြောင်းကဗုံးကြဲတိုက်ခိုက်တာဟာ ခုနစ်ကြိမ်ထက်မနည်းရှိခဲ့ပြီး ဒေသခံပြည်သူသေဆုံးတာတွေလည်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး