Homeပြည်တွင်းသတင်းမောင်တောမြို့သိမ်းတိုက်ပွဲနဲ့ မြို့ပေါ်က လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှုနဲ့ ပတ်သတ်ပြီး AA ဘက်က သတင်းထုတ်ပြန်

မောင်တောမြို့သိမ်းတိုက်ပွဲနဲ့ မြို့ပေါ်က လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှုနဲ့ ပတ်သတ်ပြီး AA ဘက်က သတင်းထုတ်ပြန်

၁၉ ဩဂုတ်၊ ၂၀၂၄

ရခိုင်ပြည်နယ် မြောက်ပိုင်း၊ မောင်တောမြို့မှာ ဩဂုတ်လ ၁၅ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ လူနေအိမ်တွေ မီးလောင်ပျက်စီးမှုအပါအဝင် မောင်တောမြို့သိမ်းတိုက်ပွဲတွေနဲ့ပတ်သတ်ပြီး အာရက္ခတပ်တော် – AA က ဩဂုတ်လ ၁၈ ရက် ညပိုင်းက သတင်းထုတ်ပြန်ပါတယ်။

ဒီသတင်းထုတ်ပြန်ချက်ထဲမှာ AA က မောင်တောမြို့ခံလူထုကို ဘေးလွတ်ရာကို ရှောင်တိမ်းထွက်ခွာဖို့ ဇွန်လ ၁၆ ရက်ထဲက အသိပေးထားပြီး ဖြစ်ကြောင်းနဲ့ ဩဂုတ်လ ၄ ရက်ကစပြီး မောင်တောမြို့သိမ်းတိုက်ပွဲစတင်တဲ့အနေ နဲ့ မြို့မြောက်ဘက်က ဟော်ရီတူလာရွာနဲ့ မောင်နီရွာက စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း ၊ စစ်ကောင်စီတပ် တွေ က လူသားဒိုင်းအဖြစ် မြို့နေလူထုကို ထွက်ခွာခွင့်မပေးသလို တချို့ ARSA ၊ RSO ၊ ARA စတဲ့ အကြမ်း ဖက်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေတဲ့ လူထုတွေလည်း မြို့ထဲမှာ ရှိနေကြောင်း ဖော်ပြထားပါတယ်။

မောင်တောမြို့တွင်းထိုးစစ်ဆင်တိုက်ခိုက်မှုတွေ အရှိန်အဟုန်မြင့်လုပ်ဆောင်ခဲ့တဲ့ အချိန်ကစပြီး မောင်တောမြို့ တွင်းမှာ ပိတ်မိနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဝန်ထမ်းတွေနဲ့မိသားစုတွေအပါအဝင် မြို့ခံ လူဦးရေ ၂၀၀၀၀ ဝန်းကျင်ကို ကယ်ထုတ်နိုင်ပြီး ဆက်ပြီး ကယ်ထုတ်ဖို့လည်း ကြိုးစားနေတယ်လို့ AA က ဆိုပါတယ်။

ဩဂုတ်လ ၁၅ ရက်၊ ညနေ ၄ နာရီဝန်းကျင်မှာ မောင်တောမြို့အမှတ် ၂ ရပ်ကွက် အထက ၂ ကျောင်းအနီးက စစ်ကောင်စီအကြမ်းဖက်သင်တန်းဆင်းမူဆလင်လက်နက်ကိုင်အဖွဲ့ဝင်တချို့နဲ့ AA တပ်တော်တို့ကြားမှာ မိနစ် လေးဆယ်ကြာ ထိတွေ့တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲအတွင်းမှာ အကြမ်းဖက်တပ်ဖွဲ့ဝင် မူဆလင်တချို့ ဟာ စခန်းချတဲ့ အဆောက်အအုံကို မီးရှို့ထွက်ပြေးသွား တဲ့အတွက် သူတို့တပ်စွဲထားတဲ့အဆောက်အအုံအပါအဝင် လူနေအိမ် ၅ လုံးလဲ မီးလောင် ပျက်စီးသွားတယ်လို့ AA က ဖော်ပြပါတယ်။

ဒီဖြစ်စဉ်မှာ မီးလောင်သေဆုံးသွားတဲ့မူဆလင် ရုပ်အလောင်း ၂ ခုနဲ့ လက်နက်တချို့ သိမ်းဆည်းရမိတယ်လို့ AA က ထုတ်ပြန်ပါတယ်။ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သတ်ပြီး တချို့ သော သတင်းမှား ၊ သတင်းတုတွေဟာ အာရက္ခဒေသအတွင်း လူမျိုးနှစ်ခုအကြား သဟဇာတဖြစ်မှုကို ထိခိုက်စေနိုင်တယ်လို့ AA ရဲ့ သတင်းထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

Photo-AA

ပုံစာ – (AA ဘက်က ထုတ်ပြန်တဲ့ မောင်တောမြို့အနီးတဝိုက်မြေပုံ)

ဆက်စပ် သတင်းများ

Most read