အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီတပ်က လေကြောင်းနဲ့တိုက်ခိုက်မှုတွေ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေ၊ လက်နက်ကြီးပစ်တာတွေနဲ့အတူ အဆိပ်ငွေ့ဗုံးတွေ သုံးပြီး TNLA ထိန်းချုပ်နယ်မြေထဲမှာတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တလအတွင်း နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေါ့၊ မိုင်းလုံနဲ့ မန်တုံမြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှု ၂၆ ကြိမ်၊ လက်နက်ကြီး ၇၇၆ ချက်၊ ဒရုန်းဗုံး ၃၂၉ လုံး၊ အဆိပ်ငွေ့ဗုံး ၁၁၄ လုံး ပစ်ခတ်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ ပြည်သူ ၈ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရသွားသလို နေအိမ်အနည်းဆုံး ၅၅ လုံးထက်မနည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ TNLA ကထုတ်ပြန်ပါတယ်။
နောင်ချိုမြို့နယ်ကိုပဲ လေကြောင်းနဲ့ ၁၂ ကြိမ်တိုက်ခဲ့ပြီး ဒရုန်းဗုံးနဲ့အတူ အဆိပ်ငွေ့ဗုံးတောင်သုံးတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း ၅ ဦးသေဆုံးပြီးသေ၊ ၁၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ကျောက်မဲနဲ့ မိုးကုတ်မှာလည်း အလားတူ တိုက်ခိုက်မှုတွေရှိပြီး သေဆုံးသူတွေလည်း ရှိပါတယ်။ မန်တုံမြို့မှာတော့ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရပြီး နေအိမ် ၂၇ လုံးထိမှန်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဓါတ်ပုံ – TNLA