၂၇ နိုဝင်ဘာ၊ ၂၀၂၄
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့တစ်မြို့ထဲအတွက် စားသောက်ကုန်အနည်းငယ် တင်သွင်းခွင့်ပြုပြီး ရှမ်းမြောက်ကို စားသောက်ကုန်စည်လုံးဝပိတ်ပင်တဲ့ ကန့်သတ်ချက်အသစ်တွေကို စစ်ကောင်စီက နိုဝင်ဘာလ ၂၆ ရက်က ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁ ရက်ကစပြီး မူဆယ်မြို့က နယ်စပ်ဂိတ်ဖြစ်တဲ့ ဆင်ဖြူဂိတ်ကနေ မူဆယ်မြို့နယ်အတွင်း စားသုံးဖို့ မီးဖိုချောင်သုံးအသီးအနှံ၊ အသား ငါးတွေကို တင်သွင်းခွင့်ပြုမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
အေးခဲအသားတွေအပါအဝင် တခြား လူသုံးကုန်ပစ္စည်းတွေကို လုံးဝ တင်သွင်းခွင့်ပြုတော့မှာ မဟုတ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဆိုင်ကယ်နဲ့ တင်ဆောင်ခဲ့ရင် ရှေ့တစ်ထုပ် နောက်တစ်ထုတ်ပ သယ်ဆောင် ရမှာ ဖြစ်ပြီး အိမ်စီးကား၊ စက်ဘီး၊ လက်တွန်းလှည်းတွေနဲ့ သယ်ဆောင်ခွင့်မပြုတော့ဘူးလို့ ဆိုပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ ဆေးဝါး၊ စားသောက်ကုန်တွေ ပြတ်နေပြီး ဆန်ကအစ ရှားပါးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“အရင်က ခရီးသည်တင်ကားတွေနဲ့ တင်သေးတယ်၊ အခုဆို ခရီးသည်တင်ကားတွေမှာ ဆန်အိတ်တို့ ခေါက်ဆွဲဖာတို့လို စားသောက်ကုန်တွေများများ ပါတာနဲ့ ဂိတ်တွေက သိမ်းယူလိုက်တယ်။
ကုန်ကားတွေပေးမတက်တဲ့အပြင် ခရီးသည်တွေလည်း သယ်လာလို့မရ၊ တရုတ်ဘက်ကလည်းပိတ်တော့ ရှမ်းမြောက်ကို စားနပ်ရိက္ခာ ပြတ်စေချင်တာပါ” လို့ မူဆယ်ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
မူဆယ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ထောင်ဝန်းကျင်ရှိနေပြီး သူတို့အတွက်တော့ သီးသန့်တင်သွင်းတာမျိုး ရှိတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
“တပ်ကလူတွေကတော့ တရုတ်ကနေ တိုက်ရိုက်သွင်းနေတာပဲ၊ သူတို့တပ်ထဲတော့ ဆေးလိပ်အရက်ကအစ ဘာကုန်မှ မပြတ်သွားဘူး”လို့ ဒေသခံက ဆက်ပြီး ပြောဆိုပါတယ်။
တရုတ်အာဏာပိုင်တွေဟာ စစ်ကောင်စီနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီး ရှမ်းမြောက်ကို ပိတ်ဆို့သွားဖို့ UWSA နဲ့ဆွေးနွေးခဲ့ပြီးထွက်ပေါ်လာတဲ့ အစည်းအဝေးမှတ်တမ်းမှာ ပါရှိပါတယ်။
ဒါ့အပြင် MNDAA ရဲ့ လက်ရှိခေါင်း ဆောင် ဖုန်တာရွှင် တရုတ်ကိုယ်စားလှယ်နဲ့သွားတွေ့ပြီးနောက်မှာ ပြန်ခွင့်မရဘဲ အဖမ်းခံထားရတယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီး တရုတ်အစိုးရက ဖုန်တာရွှင်ဟာ ဆေးကုသမှုခံယူနေတာ ဖြစ်တယ်လို့ နိုဝင်ဘာလ ၁၉ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲလုပ်တဲ့နေ့မှာ နယ်စပ်ဂိတ်တွေ ခဏတာ ပြန်ဖွင့်ခဲ့ပြီး နောက်နေ့ပြန်ပိတ်လိုက်တယ်လို့ ရှမ်းမြောက်ဒေသခံတွေ ပြောဆိုမှုအရ သိရပါတယ်။
ကချင်ပြည်နယ်က တရုတ်မြန်မာနယ်စပ်ဂိတ်တွေမှာလည်း အောက်တိုဘာ ၂၀ ရက် ကုန်သွယ်မှုပိတ်ပင် ကြောင်းစာမထွက်ခင်ကတည်းက ကုန်သယ်ယူမှုတွေကို ပိတ်ဆို့ထားတာ ဖြစ်ပြီး ကချင်ပြည်တစ်ချို့နေရာ ဒေသတွေမှာလည်း စားသောက်ကုန်နဲ့ ဆေးဝါးတွေ ပြတ်လပ်နေပြီလို့ ဒေသခံတွေက ပြောဆိုပါတယ်။
ပုံစာ – မူဆယ်မြို့က ဈေးဝယ်စင်တာတစ်ခုကိုတွေ့ရစဉ် (ပုံဟောင်း)
Photo – CJ