စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းပြန်ပေးဆွဲခံရတဲ့ ဝိန့်စိန်ရွှေဆိုင်ကားပေါ်ပါ ဝန်ထမ်း၃ ဦး မနေ့က နိုဝင်ဘာ ၃ရက်နေ့မှာ ပြန်လွတ်လာပြီဖြစ်တယ်လို့ အဲဒီရွှေဆိုင်နဲ့နီးစပ်သူတွေက ပြောပါတယ်။
ပြန်လာလွတ်မြောက်လာသူတွေဟာ ပြန်ပေးဆွဲခံရတဲ့ရက်နဲ့ လွတ်မြောက်လာတဲ့ရက်အကြား ၆ ရက်ခန့် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
“ပြန်လွတ်လာတာဟုတ်ပါတယ်။ ကျန်တာတော့ဘာမှ ပြောလို့မရသေးဘူး။ အဝတ်တထည်ကိုယ်တခုနဲ့ လွတ်လာတာပါ” လို့ ဆိုင်နဲ့ နီးစပ်သူတဦးက New Day Myanmar ကိုပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းက မုံရွာ-မန္တလေးလမ်းပေါ် မြင်းမူမြို့ နယ်၊ ပဒတ္တိုင်းကျေးရွာအနီးမှာ မန္တလေးမြို့၊ ဝိန့်စိန်ရွှေဆိုင်ကနေ မုံရွာမြို့ကို ရွှေသွားပို့မယ့် ဆိုင်ဝန်ထမ်း ၃ ဦးပါတဲ့ ကားတစီးကို လက်နက်ကိုင်လူတစုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။
အဲဒီ ပြန်ပေးဆွဲမှုနဲ့ပတ်သက်ပြီး စစ်လော်ဘီတွေက စစ်ကိုင်းခရိုင်၊ PDF တပ် ရင်း (၁)က လုပ်ဆောင်တယ်ဆိုပြီး စွပ်စွဲချက်အပေါ် စစ်အုပ်စုဟာ မဟုတ်မမှန် သ တင်းထုတ်နေခြင်းသာဖြစ်ပြီး တပ်ရင်းအမည်အသုံးချပြီး ပြုလုပ်နေသူတွေရှိနေလို့ အသိပေးကြေညာချက်များ ထုတ်ခဲ့ရဖူးကြောင်း တပ်ရင်း (၁)က ထုတ်ပြန်ခဲ့ပါတယ်။
မုံရွာ-မန္တလေးလမ်းပေါ်က စစ်ကိုင်း၊ မြင်းမူ၊ ချောင်းဦး စတဲ့လမ်းတလျှောက်မှာ စစ်ကောင်စီတပ်ရဲ့ ဂိတ်စခန်းတွေ အ များအပြားရှိပြီး ခရီးသွားပြည်သူတွေကို မကြာခဏ စစ်ဆေးငွေညှစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။


