Homeပြည်တွင်းသတင်းမုံရွာမှာ သေနတ်ပြခြိမ်းခြောက်ပြီး ကလေးငယ်တဦး ပြန်ပေးဆွဲခံရ

မုံရွာမှာ သေနတ်ပြခြိမ်းခြောက်ပြီး ကလေးငယ်တဦး ပြန်ပေးဆွဲခံရ

မေ၊ ၂၀၂၅

မုံရွာမှာ အမည်မသိလူနှစ်ယောက်က သေနတ်ပြခြိမ်းခြောက်ပြီး ကလေးငယ်တဦးကို ပြန်ပေးဆွဲမှုဖြစ်ပွားလဲ့တယ်လို့ ကနဦးသိရပါတယ်။

မေလ ၈ ရက် မနက် ၉ နာရီ ခွဲ အချိန်ဝန်းကျင်က မုံရွာမြို့မှာ သားအမိနှစ်ဦး ဆိုင်ကယ်စီးနေချိန် အမည်မသိလက်နက်ကိုင် လူတွေက နောက်ကနေ ဆိုင်ကယ်နဲ့ကပ်ပါလာပြီး ပစ္စတိုသေနတ်ပြခြိမ်းခြောက်ကာ မိခင်ဆီက ကလေးကို လုယူခေါ်ဆောင်ပြီး ပြန်ပေးဆွဲသွားတယ်လို့ သိရပါတယ်။

“အခုချိန်ထိသတင်းအစအန မရသေးဘူး။ ရှာနေတုန်းပဲ။ ကလေးမိဘတွေလည်းတော်တော်လေးစိတ်ပူနေတယ်။ သူ့အမေဆို ငိုပဲငိုနေတာ” လို့ မိသားနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

မနက်ခင်းဈေးသို့သွားပြီး အပြန်မှာ ကလေးပြန်ပေးဆွဲခံရတာဖြစ်တယ်လို့ မိသားစုဝင်က ပြောပါတယ်။

ပြန်ပေးဆွဲခံရတယ့်ကလေးငယ်ဟာ အသက် ၅ နှစ်သာရှိသေးတယ်လို့သိရပါတယ်။ယခုအချိန်ထိ ကလေးမိဘများက ကလေးငယ်ကို ပြန်လည်တွေ့ရှိဖို့အတွက်အကူအညီတောင်း ရှာဖွေနေဆဲလို့သိရပါတယ်။

မုံရွာမြို့နယ် တနေရာရာမှာ ကလေးငယ်ကို တွေ့ရှိခဲ့ပါက မုံရွာမြို့ အောင်ချမ်းသာ မြဝတီလမ်းက ကလေး‌ငယ်ရဲ့ မိဘနေအိမ်သို့ ဆက်သွယ်ပေးကြဖို့ကိုလည်း ပြည်သူများထံ အကူအညီတောင်းထားပါတယ်။

ပုံစာ – ပျောက်ဆုံးသူ ကလေးငယ်

ဓါတ်ပုံ – Social Media

ဆက်စပ် သတင်းများ

Most read