၂၆ ဒီဇင်ဘာ၊၂၀၂၄
မုံရွာမြို့မ ရဲစခန်းအချုပ်အတွင်း LGBTလိင်စိတ်ခံယူထားသူ ဘုံဘုံ ဆိုသူ နိုင်ငံရေးအကျဥ်းသားတစ်ဦး ဆေးကုသခွင့်မရရရှိတာကြောင့် ဒီဇင်ဘာလ ၂၅ ရက်နေ့ က သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ထုတ်ပြန်မှုအရ သိရပါတယ်။
LGBTလိင်စိတ်ခံယူထားသူ နိုင်ငံရေးအကျဉ်းသား ဘုံဘုံ ဆိုသူမှာ မုံရွာမြို့ အချုပ်ခန်းအတွင်း ကျောက်ကပ် ရောဂါ နဲ့ အတွင်းအကြောတက်ခြင်းဝေဒနာကို ပြင်းထန်စွာခံစားခဲ့ရပြီး ဆေးကုသခွင့်မရ ခဲ့တာကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
မုံရွာမြို့မရဲစခန်း တာဝန်ရှိသူတွေက ဘုံဘုံ ကို ဆေးရုံသို့ပို့ဆောင်ကုသခြင်းမပေးခဲ့ပဲ အချုပ်ခန်းတွင်း၌ပင် ဆလိုင်းချိတ်ကုသပေးမှုတွေ ယာယီလုပ်ဆောင်ပေးခဲ့ပြီး ထပ်မံချုပ်နှောင်ထားခဲ့ကြောင်း ဒီဇင်ဘာလ ဒုတိယအပတ်မှစ၍ ဘုံဘုံမှာ လမ်းကောင်းစွာ မလျှောက်နိုင်တော့တဲ့အပြင် အစားမာတာတွေကိုလည်း စားသောက်နိုင်ခြင်းမရှိပဲ ကျန်းမာရေးပိုမိုဆိုးရွားလာခဲ့ပြီးနောက် ယမန်နေ့ ဒီဇင်ဘာလ(၂၅)ရက်နေ့က သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသား ဘုံဘုံကို စစ်ကောင်စီ တပ်ဖွဲ့ဝင် စစ်သား နဲ့ ရဲများမှ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက်နေ့ တွင် မုံရွာမြို့ အောင်ဇေယျရပ်ကွက် အိုးရှင်းစင်တာအနီး ဖမ်းဆီးပြီးနောက် ပုဒ်မ ၅၀(ည)၊ပုဒ်မ ၅၂(က)၊ ၅၂(ခ)တို့ဖြင့် ဖမ်းဆီးခဲ့ပြီးနောက် ယခုနှစ် ဒီဇင်ဘာလ(၂၃)ရက်နေ့မှာ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရသူဖြစ် တယ်လို့လည်း သိရပါတယ်။
နိုင်ငံရေးအကျဉ်းသား ဘုံဘုံမှာ ဖမ်းဆီးခြင်းမခံရစဉ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန် ရက်ရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် နိုင်ငံရေးအကျဉ်းသား အကျဉ်းသူများအရေးကို ဆောင်ရွက်လုပ်ကိုင်ခဲ့သူဖြစ် သည့်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)အဖွဲ့သူ၊အဖွဲ့သားတွေအနေနဲ့ နှမျောဝမ်းနည်းခြင်းများစွာဖြင့် ဦးညွတ်အလေးပြုအပ်တယ်လို့လည်း PPNM က ထုတ်ပြန်ထားပါတယ်။
Photo -PPNM