Homeပြည်တွင်းသတင်းမီတာခတိုးမြှင့်ကောက်ခံပေမဲ့ ရန်ကုန်နဲ့မန္တလေးမြို့ကြီးတွေမှာ လျှပ်စစ်မီးဆိုးရွားစွာ ပြတ်တောက်

မီတာခတိုးမြှင့်ကောက်ခံပေမဲ့ ရန်ကုန်နဲ့မန္တလေးမြို့ကြီးတွေမှာ လျှပ်စစ်မီးဆိုးရွားစွာ ပြတ်တောက်

၃ အောက်တိုဘာ ၊၂၀၂၄

စက်တင်ဘာလကစပြီး မီတာခတွေ တိုးမြှင့်ကောက်ခံပေမယ့် ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ လျှပ်စစ်မီးက ဆိုးရွားစွာ ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရန်ကုန်မြို့မှာ တစ်နေ့ကို လေးနာရီလာ လေးနာရီပြတ်စနစ်နဲ့ မနက်၅နာရီကနေ ညကိုးနာရီအထိ အလှည့် ကျမီးပေးသွားမယ်လို့ဆိုပေမယ့် ညဘက်တွေမှာပါ မီးပြတ်နေတယ်လို့ ရန်ကုန်မြို့က ပြည်သူတွေက ဆိုပါတယ်။

စမ်းချောင်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်းကျွန်းစတဲ့မြို့နယ်တွေကတချို့ရပ်ကွက်တွေနဲ့ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းလို့ မြို့စွန်မြို့နယ်တွေမှာ မီးက ညဘက်မီးပေးရမယ့်အချိန်တွေမှာပါ မီးဖြတ်တောက်နေတယ်လို့ ဒီမြို့နယ်တွေမှာ နေသူတွေက ပြောဆိုပါတယ်။

“အခုက မီးလာမယ့်အချိန်ကျ နောက်ကျမှ လာတယ်၊ ညဘက်တွေလည်း တခါတလေ ပြတ်တယ်။ ညဘက်မီးပြတ်တာက တော်တော်ဆိုးပါတယ်။ နာတာရှည်တွေ သက်ကြီးရွယ်အိုတွေ ရှိတဲ့အိမ်တွေဆို ရာသီဥတုမမှန်တာနဲ့မီးပြတ်တာနဲ့တိုက်ဆိုင်ရင် ဒုက္ခရောက်တယ်။ အများစုက ကန်ထရိုက်တိုက်ခန်းတွေဆိုတော့ လေဝင်လေထွက်လည်းမရှိဘဲ ပိတ်နေတယ်” လို့ သင်္ဃန်းကျွန်းမြို့နယ်နေထိုင်သူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

မန္တလေးမှာလည်း မီးပုံမှန်မလာတာ ကြာပြီလို့ ဒေသခံတွေက ဆိုပါတယ်။ အောင်မြေသာစံမြို့နယ်မှာ ၂၄ နာရီ မီးပြတ်တောက်နေတာ ၄ရက်ရှိပြီဖြစ်ပြီး နောက်တစ်ရက်နှစ်ရက်နေ့မှာမီးပြန်လာမယ်သိရကြောင်း ဒီမြို့နယ်မှာ နေထိုင်သူတွေက ဆိုပါတယ်။ စစ်ကောင်စီ လက်အောက်က အောင်မြေသာစံလျှပ်စစ်ရုံးကတော့ transformer ပျက်သွားတယ်လို့ ကြေညာထားကြောင်း ဒေသခံတွေ ပြောဆိုမှုအရ သိရပါတယ်။

“ပါဝါဘန့်တွေ ၊ ဖုန်းတွေ မီးလာတဲ့သူငယ်ချင်းအိမ်၊ ဆွေမျိုးအိမ်သွားသွင်းရတာပေါ့။ နေ့လည်နေ့ခင်းကျ စင်တာတွေ ခနသွားထိုင်ပြီး အပူရှောင်လိုက်တာပဲ ။ မီးပြတ်တာများလာတော့ အသားကျသလိုတောင် ဖြစ်နေပါပြီ” လို့ အောင်မြေသာစံမြို့နယ်နေသူတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက မီတာခတွေတိုးမြင့်ကောက်ခံမယ်လို့ကြေညာတုန်းက “တည်ငြိမ်တဲ့ လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးနိုင်အောင်ဆောင်ရွက်ဖို့နဲ့ ထုတ်လုပ်မှုစရိတ်တွေ တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်မားလာတာကြောင့်”လို့အကြောင်းပြတာ ဖြစ်ပါတယ်။

ပုံစာ – ( ရန်ကုန်မြို့ တစ်နေရာ လျှပ်စစ်မီးပျက်နေမှု)

Photo – CJ

ဆက်စပ် သတင်းများ

Most read