၁၈ နိုဝင်ဘာ၊၂၀၂၄
ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောကျေးရွာမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်(၉)ဦး သေဆုံးသွားခဲ့တယ်လို့ Simsa Kasa Multimedia မှာဖော်ပြလာမှုအရ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ညပိုင်းက ကုန်းလောကျေးရွာ ခရစ်ယာန်ဘုရားကျောင်းမှာ စစ်ဘေးတိမ်း ရှောင်နေတဲ့ အရပ်သားတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ (၁၃)နှစ်အောက် အရွယ် ကလေး(၇)ဦးနဲ့ အသက်(၃၀)ကျော်အရွယ် အမျိုးသား တစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲရတယ်လို့ သိရပါတယ်။
လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများမှာ Slg.Lazum Lung Wa အသက်(၃၆)နှစ်၊ Jan.Srn, Mun Mai အသက်(၃၆)နှစ်၊ Shd. Lazum Myu Jat Awng အသက်(၁၃)နှစ်၊ Shy.Lazum Sa Ra Seng အသက် (၁၁)နှစ်၊ Shy. Lazum May Sen Pan အသက်(၇)နှစ်၊ Shd. Lazum Sut Zai Li အသက်(၅)နှစ်၊ Shd.Gawlu Gum Seng Maw အသက်(၉)နှစ်၊ Shd.Sumlut Mung Htoi Awng အသက်(၁၁)နှစ်နှင့် Shy.Lashi Tsawm San အသက်(၁၀)နှစ်တို့ သေဆုံးခဲ့ရတယ်လို့ အမည်နဲ့တစ်ကွဖော်ပြပါရှိပါတယ်။
အဆိုပါ ဘုရားကျောင်းအတွင်း ခိုလှုံနေသူတွေမှာ မိုးမောက်မြို့နယ်အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ပြည်သူများဖြစ်ပြီး ပြီးခဲ့တဲ့ မေလကတည်းက ရောက်ရှိနေကြခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
ပုံစာ – ကုန်းလောကျေးရွာမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ထားပုံ
Photo – Simsa Kasa Multimedia