Homeပြည်တွင်းသတင်းမိုးမိတ်မြို့က နောက်ဆုံးစစ်ကောင်စီတပ်စခန်းနှစ်ခုကို TNLA သိမ်းပိုက်ထိန်းချုပ်

မိုးမိတ်မြို့က နောက်ဆုံးစစ်ကောင်စီတပ်စခန်းနှစ်ခုကို TNLA သိမ်းပိုက်ထိန်းချုပ်

၁ ဩဂုတ်၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မိုးမိတ်မြို့က နောက်ဆုံးကျန်တဲ့ စစ်ကောင်စီ တပ်စခန်းနှစ်ခုကို သိမ်းပိုက်နိုင်ပြီလို့ တအာင်းလွတ်မြောက်‌ရေးတပ်ဖွဲ့ (TNLA) က ဇူလိုင် ၃၁ရက် မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(၂၁) ၊ ခြေလျင်တပ်ရင်း (၃၄၈) မိုးမိတ်ဗျူဟာကုန်း ၂ခုကို ဇူလိုင် ၃၁ ရက် မနက်ပိုင်းမှာ သိမ်းပိုက်နိုင်တာ ဖြစ်ပြီး စစ်ကောင်စီဘက်က ဗျူဟာကုန်းနဲ့ ဒိုးပင်ရွာကို စစ်လေယာဉ်နဲ့ ဗုံး အလုံးရေ ၆၀ နီးပါး ကြဲချခဲ့တယ်လို့ သိရပါတယ်။ နေအိမ် အဆောက်အဦးနဲ့ အရပ်သားသေကြေပျက်စီးမှုကိုတော့ နှစ်ဘက်စလုံးက ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

မိုးမိတ်မြို့မှာ ဇန်နဝါရီလတုန်းက KIA နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး KIA ဘက်က စစ်ကောင်စီရဲ့ ရဲစခန်း၊ ရွှေဇာလီရပ်ကွက်စခန်းစတဲ့ စခန်းငယ်တွေကို သိမ်းယူနိုင်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ အမှတ် ၂၁ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်အောက်က ဗျူဟာကုန်းကို မသိမ်းယူနိုင်ခဲ့တာကြောင့် ပြန်ပြီး လက်လွှတ်ခဲ့ရပါတယ်။

မိုးမိတ်မြို့ကို သိမ်းယူနိုင်ဖို့ TNLA က ဇွန်လ ၂၅ရက် ကစပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တစ်လကျော် အချိန်ယူခဲ့ရပါတယ်။ အခု မိုးမိတ်မြို့က စစ်ကောင်စီ တပ်စခန်း ၂ခုလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်တာ ဖြစ်တဲ့အတွက် မြို့ကို ထိန်းချုပ်ထားနိုင်တော့မှာ ဖြစ်ပါတယ်။ မိုးမိတ် ဒေသခံလူတွေကတော့ မြို့ထဲကို ပြန်ဝင်ရန်ကြိုးစားနေပြီး TNLA တပ်တွေက ပြင်ဦးလွင်-မိုးကုတ်-မိုးမိတ်လမ်းမှာ ဖုန်းတွေကို စစ်ဆေးတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။

ဇူလိုင် ၃၁ရက် နေ့လည် (၁၂း၀၅)နာရီမှာ TNLA ရဲ့ တပ်မဟာ(၂)နယ်မြေ နောင်ချိုမြို့နယ် ရွှေမုဠောရွာကို စစ်အင်ဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပုံ – TNLA

ဆက်စပ် သတင်းများ

Most read