၂၂ ဖေဖော်ဝါရီ၊ ၂၀၂၅
မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာကို ဖေဖော်ဝါရီ ၂၀ ရက်ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းဖြင့် အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအ၀င် ဒေသခံ (၃)ဦး သေဆုံးပြီး (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် မထက်မြတ်နိုး အသက်(၈)နှစ်၊ မမေဇင်ထက် အသက်(၂၃)နှစ်နဲ့ ကိုဇော်မင်းလွန် အသက်(၃၀)နှစ် သေဆုံးခဲ့ပြီး မရွှေသန့်ဝေ အသက်(၂၁)နှစ်၊ ကိုပြည့်စိုင် အသက်(၂၃)နှစ်၊ ဒေါ်သိန်သိန်ညို အသက်(၃၂)နှစ်၊ ဦးရန်အောင်၊ ဦးမိုးလွန်၊ ကိုသောင်းလွန်နှင့် ဒေါ်နွယ်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ် (၅)လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေ့ ဖေဖော်ဝါရီလ ၂၂ရက် ညသန်းခေါင်ယံ ၁၂ နာရီကျော်လောက်ကကနေ မနက် ၁ နာရီ ခွဲလောက်အထိ စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ နောင်ချိုမြို့နယ် ရွှေမုဠောကျေးရွာကို ဗုံး (၅)လုံးနဲ့ တောင်ရှည်ကျေးရွာကို ဗုံး (၂၇)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ (၁)ဦး သေဆုံးခဲ့ပြီး နေအိမ်အများအပြား ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ တအာင်းတပ် TNLA နဲ့ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ရက်ကနေ ဖေဖော်ဝါရီလ ၂၂ရက်အထိ လက်နက်ကြီးနဲ့ လေကြောင်းကို အသုံးပြုပြီး လာရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကိုးကန့်ထိန်းချုပ်ရာ ဒေသအတွင်း ကလေးငယ် (၁) ဦးအပါအ၀င် အမျိုးသား (၂)ဦး၊ အမျိုးသမီး (၄)ဦး သေဆုံးခဲ့ရပြီး ကလေး (၁)ဦး၊ အမျိုးသား (၇)ဦးနှင့် အမျိုးသမီး (၇)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နောင်ချိုပြည်သူ့ဆေးရုံ၊ ဘုန်းကြီးကျောင်းဆောင်နှင့် ပြည်သူနေအိမ် (၁၁)လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။