၂၅ နိုဝင်ဘာ၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့အနီးတဝိုက်က ကျေးရွာက ဒေသခံပြည်သူတွေဟာ ရှမ်းကရင်နီနယ်စပ်တိုက်ပွဲတွေကြောင့် ရွာလုံးကျွတ် အရေးပေါ် ပြောင်းရွှေ့နေရတယ်လို့ ဖော်ပြထားတဲ့ သတင်းအရသိရပါတယ်။
ပင်လောင်းဒေသနဲ့ ဖယ်ခုံဒေသတို့မှာ စစ်ကောင်စီနဲ့ ဒေသခံတော်လှန်ရေးတပ်တွေရဲ့ ထိတွေ့တိုက်ပွဲများပြင်း ထန်နေပြီး ဒေသခံပြည်သူတွေကို ဓားစာခံအဖြစ် ရာချီ ခေါ်ဆောင်ဖမ်းဆီးတာကြောင့် မိုးဗြဲမြို့နယ်၊ ပီကင်း ကော်ခူ ကျေးရွာဒေသခံတွေ စစ်ဘေးရှောင်နေရတာပါ။
“ မြို့ပေါ်ရပ်ကွက်တွေက လူတွကတော့ မရှိတာကြာပြီ မြို့အနီးအနီးနားကရွာတွေလည်း ဒီအတိုင်းအတိုင်းပဲ မြို့ပေါ်မှာကျန်ခဲ့တာဆိုလို့ မပြေးနိုင် မပြေးချင်တော့တဲ့ သက်ကြီးရွယ်အိုနဲနဲနဲ့ လူတစ်ချို့လောက်ပဲရှိတော့” လို့ မိုးဗြဲမြို့နေ ဒေသခံတစ်ဦးက New Day Myanmar ကိုပြောပါတယ်။
ဒီတကြိမ် စစ်ရှောင်တာဟာ သုံးကြိမ်မြောက်ရှိပြီလို့ ဆိုပါတယ်။ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းစစ်ကြောင်းက ဖယ်ခုံကနေ စစ်ကြောင်းထိုးနေပြီး မိုးဗြဲအခြေစိုက် ခမရ ၄၂၂ က စစ်ကြောင်းထွက် လာမှာကိုလည်း စိုးရိမ်ရတဲ့အပြင် လွိုင်ကော်မြို့ကလည်း စစ်ကြောင်းထိုးလာတဲ့အတွက် နိုဝင်ဘာ ၁၃ ရက်မှာ စတင်တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ပီကင်းကောခူကျေးရွာမှာ အိမ်ထောင်စု ၂၅၀ ရှိပြီး လက်ရှိစစ်ရှောင်လာတဲ့နေရာမှာ အိမ်ခြေ ၁၅၀ ခန့် ရောက်ရှိနေပြီး အရေးပေါ် ထောက်ပံ့မှုတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
Photo – CJ