မိုးကုတ်-မိုးမိတ် ပြန်ပေးလိုက်ရတဲ့အပေါ် ပေးဆပ်နစ်နာသူတွေနဲ့ထပ်တူ နာကျင်ရတယ်လို့ TNLA- တအာင်းတပ်ရဲ့ အထွေ ထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ဒီဇင်ဘာ ၁ ရက်မှာ သူ့ရဲ့ လူမှုကွန်ရက်ကနေ ပြောထားပါတယ်။
ဗိုလ်ချုပ် တားဘုန်းကျော် က “အခုတော့ လက်ထဲရောက်တဲ့ကိတ်မုန့်ကို မစားရပဲ ပုတ်ချခံလိုက်ရသလိုမျိုး အသည်းကွဲရပါတယ်။ ကံမကုန်သေးရင်တော့ ကြိုးစားသူတွေအတွက် ရလဒ်ရှိစမြဲလို့ ယုံ ကြည်ပါတယ်” လို့ရေးမျှဝေထားပါတယ်။
ဒါ့အပြင်ကျည်နဲ့ ဘတ်ဂျက်ငွေကြေး မရှိတာအပြင် တပ်ဖွဲ့ဝင်အင်အားလျော့နည်းလာလို့ မိုးကုတ်၊ မိုးမိတ်ကို အပစ်ရပ်ခဲ့ရပြီး၊ တအာင်းနိုင်ငံရေးရဲ့ ပန်းတိုင်တခုဟာ မိုးကုတ်မြို့ကို တအာင်းပြည်နယ်ထဲ ပြန်ပါအောင် ကြိုးပမ်းရေးဖြစ်တယ်လို့ သူက ပြောပြီး တအာင်းလူမျိုး လက်ထဲ ပြန်ရောက်ရမယ်လို့ရည်မှန်းထာကြောင်း ဆိုပါတယ်။
နွေဦးတော်လှန်ရေးမှာ ဆယ်နှစ်ကျော် တည်ဆောက်ထားတဲ့ အရင်းအမြစ်တွေနဲ့ အကောင်းဆုံးပံ့ပိုးခဲ့ပြီး TNLA ကို သစ္စာ ဖောက်လို့ ပြောသူတွေကို သေချာပြန်သုံး သပ်ပြီး အရှိတရားတွေကို လက်ကိုင် ထားစေချင်လို့ ဗိုလ်ချုပ်တာဘုန်းကျော်က ပြောပါတယ်။
” သစ္စာဖောက်လို့ ပက်ပက်စက်စက်ပြောသူတွေကို တော်လှန်ရေးနှလုံးသားသေချာပြန်သုံးသပ်ပြီး အရှိတရားတွေကို လက်ကိုင်ထားစေချင်ပါတယ်။” လို့ သူက တုံ့ပြန်ထားပါတယ်။
၂၀၂၅ အောက်တိုဘာလ နှောင်းပိုင်းမှာတော့ တရုတ်ကြားဝင်မှုနဲ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ စစ်တပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် မတော် TNLA ရဲ့ ၉ ကြိမ်မြောက် ဆွေး နွေးပွဲ ဆုံးဖြတ်ချက်အရ မိုးကုတ်နဲ့ မိုးမိတ်မြို့ကနေ TNLA တပ်တွေ ဆုတ်ခွာပြီး နှစ်ဖက်အပစ်ရပ်ဖို့ သဘောတူခဲ့ကြပါတယ်။
လက်ရှိမှာ TNLA တပ်ဆီကနေ စစ်တပ်က မိုးကုတ်မြို့ကိုလက်လွှဲယူပြီးနောက်မှာ စစ်တပ်နဲ့ မိုးကုတ်မှာခြေကုပ်ယူထားတဲ့ တော်လှန်ရေးအင်အားစုတပ်တွေ တိုက်ပွဲဆက်ဖြစ်နေပါတယ်။


