Homeပြည်တွင်းသတင်းမိုးကုတ် - မန္တလေးလမ်းမှာ ဇက်မှောက်ပြီး ခရီးသည်တင် ကားငါးစီးနစ်မြုပ်ပြီး ခရီးသည်သားအမိနှစ်ဦးသေဆုံး

မိုးကုတ် – မန္တလေးလမ်းမှာ ဇက်မှောက်ပြီး ခရီးသည်တင် ကားငါးစီးနစ်မြုပ်ပြီး ခရီးသည်သားအမိနှစ်ဦးသေဆုံး

၂၉ ဒီဇင်ဘာ၊ ၂၀၂၄

မိုးကုတ်က မန္တလေးကို အဆင်းလမ်းမှာ ဒီဇင်ဘာ ၂၇ ရက်က ခရီးသည်တွေ ပါဝင်တဲ့ ကား ငါးစီး နစ်မြုပ်ပြီး ကားပေါ်မှာ ပါလာတဲ့ ကလေးငယ်တစ်ဦးနဲ့ မိခင်ဖြစ်သူတို့ နစ်မြုပ်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။

ဖြစ်စဉ်မှာ ၂၇ ရက် မနက်ပိုင်းက မိုးကုတ်က အဆင်းလမ်းမှာ ရှားကွဲဘက်က ထုံးကြီးရွာဘက်ကို ဇက်နဲ့အကူးမှာ ဇက် ဝန်ပိုနေတဲ့အတွက် ရေထဲ နစ်မြုပ်ပြီး တခြားခရီးသည်တွေ လွတ်မြောက်ပေမယ့် အိပ်ပျော်နေတဲ့ ကလေးငယ်နဲ့ မိခင်ဖြစ်သူကို မကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။ နစ်မြုပ်ခဲ့တဲ့ ကားငါးစီးကိုလည်း အခုအခါ ပြန်လည် ဆွဲတင်ပြီးဖြစ်ကြောင်း သိရပါတယ်။

“ဇက်နစ်တော့ ကလေးနဲ့ အိပ်ပျော်နေတဲ့ သားအမိက ပါသွားတာ၊ ကယ်ဖို့လုပ်ကြသေးတယ်လို့ ပြောတယ်။ ဒါပေမဲ့ ကားတွေ ပိတ်ကြပ်နေအောင် ရပ်ပြီး ဇက်ကူးရင် ရုတ်တရက် ဆင်းဖို့မလွယ်ဘူးလေ။ အဓိကက အသက်ကယ်အင်္ကျီတွေ မပေးတာ၊ ခရီးသည်တွေကို မနှိုးထားတာတွေက အန္တရာယ်ဖြစ်စေတာပါ။ ကားသမားဘက်ကလည်း ဇက်ကူးတုန်းမို့ ဘာမှ မဖြစ်ဘူးထင်လို့ ကလေးငယ်နဲ့အမေကို မနှိုးရက်တာလည်း ဖြစ်မယ်။ မိုးကုတ်ဒေသခံတွေမဟုတ်ဘူး၊ မူဆယ်ဘက်ကလို့လည်း ပြောကြတယ်” လို့ မိုးကုတ်ဒေသခံတစ်ဦးက New Day Myanmar ကို ပြောကြပါတယ်။

မိုးကုတ်ကနေ မန္တလေးကို အဆင်းလမ်းမှာ တံတားချိုးခံထားရတဲ့အတွက် ဇက်ဖောင်နဲ့ ကူးနေရတာ ဖြစ်ပြီး တခြားလမ်းဖြစ်တဲ့ ပြင်ဦးလွင်ဘက်က အဆင်းလမ်းမှာ နောင်ချိုဘက်မှာ ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ မိုးကုတ်မြို့ မန္တလေးခရီးစဉ်မှာ ၂၀၀၀၀၀ ၊ ၂၅၀၀၀၀ ပေးရပြီး ကားတွေက အစုအဖွဲ့နဲ့သာ သွားကြကြောင်း ဒေသခံတွေက ဆိုပါတယ်။

ပုံစာ – မိုးကုတ်မြို့သိမ်းတိုက်ပွဲအပြီး ဒေသခံတွေက တော်လှန်ရေးတပ်ဖွဲ့တွေကို ကြိုဆိုစဉ်(ပုံဟောင်း)

ဓာတ်ပုံ – TNLA

ဆက်စပ် သတင်းများ

Most read