TNLA နဲ့ PDF ထိမ်းချုပ်နယ်မြေတွေဖြစ်တဲ့ မိုးကုတ် နဲ့ နောင်ချိုမြို့တွေကို မေလ ၁၃ ရက်နေ့ ညပိုင်းမှာ စစ်တပ်က လေကြောင်းနဲ့ ပေါင်(၅၀၀)ဗုံး လာရောက်ကြဲချခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။
နောင်ချိုမြိုနယ်၊ နယ်မြေ(၁၀) စျေးရပ်ကွက်အတွင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပေါင်(၅၀၀)ဗုံးတစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ မှုကြောင့် နေအိမ်(၇)လုံး ထိမှန်ပျက်စီး ဆုံးရှုးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ မိုးကုတ်မြိုနယ်အတွင်းကိုလည်း မေလ (၁၃) ရက်၊ ည (၁၁း၄၉)နာရီအချိန် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ နဲ့ (၁)ကြိမ် ရွှေလိပ်ပြာအနီးတဝိုက်ကို လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန် ထား ပါတယ်။
ဆက်လက်ပြီး မေလ (၁၂)ရက်၊ ညအချိန်တွင်လည်း မန်တုံမြို့ နဲ့ မိုင်းငေါ့မြို့တွေကို လေကြောင်းနဲ့ တိုက်ခိုက် ခဲ့တာကြောင့် မန်တုန်မြို့နေ ပြည်သူ (၁)ဦးသေ ဆုံးပြီး (၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရပ်ကွက် အတွင်းရှိ ပြည်သူနေအိမ် (၂၇)လုံး ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ ၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်စဲရေး သက်တမ်း (၁)လ ထပ်တိုးထားပေမယ့် တအာင်းပြည်အတွင်း မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်း နဲ့ လေကြောင်းနဲ့ နေ့စဉ်အသုံးပြုတိုက်ခိုက်လျက်ရှိတယ်လို့ ဆိုပါတယ်။
မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်မှ အပစ်ရပ်သက်တမ်း (၁)လတိုးထားပေမယ့် နေ့စဉ်ဗုံးကြဲတိုက် ခိုက်မှုများရှိသောကြောင့် စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လည်း အသိပေးထားပါတယ်။
ဓာတ်ပုံ : PSLF/TNLA