၂၀ ဒီဇင်ဘာ၊၂၀၂၄
မိုးကုတ်မြို့နယ်အတွင်းက တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲသူ (၃၀၀)ဦးကို PSLF/TNLA မိုးကုတ် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ က ဖမ်းဆီးထိန်းသခမ်းခဲ့တယ်လို့ ဒီဇင်ဘာလ ၁၉ ရက်နေ့က ထုတ်ပြန်အသိပေး ထားပါတယ်။
TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ မိုးကုတ်မြို့နယ်အတွင်း ၂၀၂၄ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလ (၁၉)ရက်နေ့ အထိ မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်ခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲသူ နဲ့ ရောင်းဝယ်သူအများအပြားကို အခုလို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ထိုအထဲတွင် ယခင်စစ်ကောင်စီထိန်းချုပ်စဥ်ကာလက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းအချက် အလက်များ ရယူပေးပို့ရန် မူးယစ်ဆေးဝါးများပေးပြီး ရောင်းဝယ်သုံးစွဲခွင့်ပြုထားသူအများအပြားလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။
အဆိုပါဖမ်းဆီးရမိသူတွေကို အကျင့်စာရိတ္တပြုပြင်ရေးကျောင်းကိုပို့ဆောင်ကာ ၎င်းတို့ကို ၆ လတိတိ အကျင့် စာရိတ္တပြုပြင်ပေးသွားမည်ဖြစ်ကြောင်းနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကိုမူ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။
ပုံစာ – မိုးကုတ်မြို့နယ်အတွင်းမှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲသူများ
Photo – PSLF/TNLA